အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရန် ပြဋ္ဌာန်းချက် ထည့်သွင်းရေးဆွဲထားသည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန မေ ၁၅ ရက်တွင် အစည်းအဝေးပြုလုပ်မည်

အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရန် ပြဋ္ဌာန်းချက် ထည့်သွင်းရေးဆွဲထားသည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန မေ ၁၅ ရက်တွင် အစည်းအဝေးပြုလုပ်မည်
Published 13 May 2018

အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရန် ပြဋ္ဌာန်းချက်ထည့် သွင်းရေးဆွဲထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ မေ ၁၅ ရက်တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများအပါအဝင် နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း အစည်းအဝေးပြုလုပ်မည်ဖြစ်သည်။

အခွန်ဥပဒေများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာများကို ပြန်လည်သုံးသပ်ပြင်ဆင် စုစည်းရန်နှင့် အခွန်များကို ထိရောက်စွာ ကောက်ခံနိုင်စေရန် ရည်ရွယ်၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို ရေးဆွဲထားခြင်းဖြစ်သည်။

ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်ဖြစ်ရန်အတွက် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းကို ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က The Daily Eleven သတင်းစာကို ပြောကြားထားသည်။

“ရှင်းလင်းလွယ်ကူတဲ့ အခွန်စနစ်ကို ဖြစ်အောင်လုပ်တာလေ။ အခွန်ထမ်းက သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ရင် ဒီစာအုပ်ကိုဖတ်လိုက်တာနဲ့ ဘာလုပ်ရမယ်။ ဥပမာ အယူခံဝင်မယ်ဆို ဘယ်လိုလုပ်ရမယ်။ ယခင်တုန်းကဆိုရင် အယူခံဝင်မယ်ဆိုရင် ဝင်ငွေခွန်ဆိုရင် ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အယူခံမှုကို သွားဖတ်ရမယ်။ ကုန်သွယ်ခွန်ဆို ကုန်သွယ်ခွန်နဲ့ပတ်သက်တဲ့ အယူခံမှုကို သွားဖတ်နေရမယ်။ အခုဆိုလို့ရှိရင်တော့ အယူခံရမယ့်ကိစ္စဆိုရင် ဒီစာအုပ်ထဲ ဖတ်လိုက်တာနဲ့ ဘယ်လိုအယူခံရမယ်။ ပြန်အမ်းငွေနဲ့ပတ်သက်ရင် ပြန်အမ်းငွေက ဘယ်လိုရပိုင်ခွင့်တွေရှိတယ်။ ဘယ်လိုလုပ်ရမယ်။ ဒီလိုမျိုးပဲ လုပ်ထုံးလုပ်နည်းတွေ အကုန်လုံး တစ်နေရာတည်းမှာ စုထားတဲ့အတွက် အခွန်ထမ်းအတွက်က သိပ်မရှုပ်ထွေးတော့ဘူးဗျာ။ နောက်တစ်ခုက ဒီမှာပြည့်ပြည့်စုံစုံ လုပ်ထားတဲ့အခါကျတော့ ယခင်တုန်းကတော့ ဥပဒေတွေရှိတယ်။ နည်းဥပဒေတွေရှိတယ်။ စည်းမျဉ်းတွေရှိတယ်။ မိန့်ညွန်ကြားချက်တွေက တစ်တွဲကြီးလိုက်ဖတ်ရတာရှိတာကိုး။ အခုကျတော့ ဒီမှာ ပြည့်ပြည့်စုံစုံ တစ်ခါတည်း ထည့်ပေးလိုက်တဲ့အတွက် အခွန်ထမ်းက ပိုပြီးတော့ ရှင်းလင်းသွားတာပေါ့” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်း၏ အခန်း (၁၀) ပြစ်မှုပြစ်ဒဏ်တွင် ပုဒ်မ ၇၇ ၌ မည်သူမဆို အခွန်းစည်းကြပ်ခြင်း၊ ပေးဆောင်စေခြင်း၊ ကောက်ခံခြင်းကို တမင်တိမ်းရှောင်ခြင်း သို့မဟုတ် တိမ်းရှောင်ရန် အားထုတ်ခြင်း သို့မဟုတ် ယင်းပုဂ္ဂိုလ်အနေဖြင့် ရပိုင်ခွင့်မရှိသည့် အခွန်ပြန်အမ်းငွေကိုရရှိရန် တမင်ကြံရွယ်ချက်ဖြင့် တောင်းခံခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်နှစ်သိန်းငါးသောင်းနှင့် ယင်းကာလအတွက် ယင်းပုဂ္ဂိုလ်ပေးဆောင်ရမည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏတို့အနက် များရာဒဏ်ကြေးငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေရမည်ဟု ရေးဆွဲထားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နှစ်နှစ်တာကာလအတွင်း ဥပဒေပေါင်း ၆၀ နီးပါး အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။