အစိုးရသက်တမ်းနှစ်လယ်သို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားသည့် မြူနီစီပယ်အက်ဥပဒေ အဟောင်းကို ပြင်ဆင်ပြီးပါက စည်ပင်သာယာရွေးကောက်ပွဲ အမြန်ဆုံး ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အစိုးရသက်တမ်းနှစ်လယ်သို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားသည့် မြူနီစီပယ်အက်ဥပဒေ အဟောင်းကို ပြင်ဆင်ပြီးပါက စည်ပင်သာယာရွေးကောက်ပွဲ အမြန်ဆုံး ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 12 May 2018

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရုံးထိုင်သည့် မြို့တော်ခန်းမအား တွေ့ရစဉ်

အစိုးရသက်တမ်း နှစ်ဝက်သို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြထားသည့် မြူနီစီပယ်အက်ဥပဒေ အဟောင်းအား ပြင်ဆင်ပြီးပါက စည်ပင်သာယာ ရွေးကောက်ပွဲကို အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေ ၁၁ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် CEO Conference 2018 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

“မြူနီစီပယ်အက်ဥပဒေကို ပြန်လည်ရေးဆွဲနိုင်ဖို့ တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားပါတယ်။ ဘာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားသလဲဆိုရင် ရှေ့မှာရှိခဲ့တဲ့ ဥပဒေတွေကို ပြန်ပြုပြင်နိုင်ဖို့ လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကိုတင်ပြပြီး ဒီဥပဒေကို အတည်ပြုပြီးရင်တော့ ကျွန်တော်တို့ စည်ပင်သာယာ ရွေးကောက်ပွဲကို ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ အခုဆိုရင် အစိုးရသစ်ရဲ့ သက်တမ်းဟာ နှစ်နှစ်ရှိပြီ ဖြစ်တဲ့အတွက် နောင်မကြာခင်မှာ အစိုးရသက်တမ်း နှစ်လယ်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ နှစ်ဝက်သက်တမ်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ စည်ပင်သာယာရွေး ကောက်ပွဲကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက် နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယခင် စည်ပင်သာယာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများသည် လူငယ်များ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူအားလုံး မဲပေးခွင့်မရှိခြင်း မရှိခဲ့ခြင်းက မေးခွန်းထုတ်စရာများစွာ ရှိနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် စည်ပင်သာယာ ရွေးကောက်ပွဲ၏ အသုံးစရိတ်များအတွက် တိတိကျကျ ဖော်ပြထားမှု မရှိခြင်းနှင့် စည်ပင်သာယာရွေးကောက်ပွဲ၌ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက ဖြေရှင်းပေးနိုင်သည့် ခိုင်မာသော လုပ်ထုံးလုပ်နည်းများ မရှိခြင်းကြောင့်လည်း ပြည်သူလူထု၏ စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်မှု အားနည်းခဲ့ကြောင်း သိရသည်။

“အခုပြန်လုပ်မယ့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ဒီမိုကရေစီ နည်းလမ်းကျတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေကြီး၏ အုပ်ချုပ်ရေးကဏ္ဍတွင် မြူနီစီပယ်ဥပဒေသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ပြီး မြူနီစီပယ် အက်ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မှသာလျှင် ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတွေကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားသည်။

လက်ရှိရန်ကုန်မြို့တော် မြူနီစီပယ်ဥပဒေကို အင်္ဂလိပ်ကိုလိုနီလက်ထက်က ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး ပြောင်းလဲလာသော ခေတ်စနစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။