ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ကုန်သေတ္တာယာဉ်များကို ကားလမ်းကြောင်းမှ သယ်ယူပို့ဆောင်မှု လျှော့ချပြီး မြို့တွင်းရေလမ်းကြောင်းမှ သယ်ယူရန် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်မည်

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ကုန်သေတ္တာယာဉ်များကို ကားလမ်းကြောင်းမှ သယ်ယူပို့ဆောင်မှု လျှော့ချပြီး မြို့တွင်းရေလမ်းကြောင်းမှ သယ်ယူရန် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်မည်
Published 11 May 2018

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ကုန်သေတ္တာများအား ကားလမ်းကြောင်းမှ သယ်ယူပို့ဆောင်မှုကို လျှော့ချပြီး မြို့တွင်းရေလမ်းကြောင်းမှတစ်ဆင့် သယ်ယူနိုင်ရန် ကုန်တွင်းဆိပ်ကမ်းများ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကုန်သေတ္တာတွေကို ကားလမ်းက မဟုတ်ဘဲနဲ့ ရေလမ်းကနေ ဆွဲထုတ်နိုင်ဖို့ဆိုရင် ကုန်းတွင်းမှာ ဆိပ်ကမ်းတွေ တည်ဆောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် တိုင်းဒေသကြီးအစိုးရက ငွေပင်လယ်ဘက်မှာ ကုန်းတွင်းဆိပ်ကမ်းတစ်ခုကို တည်ဆောက်ဖို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ မကြာခင်မှာ တင်ဒါ ခေါ်ယူဖို့ရှိပါတယ်။ ဒီအခြေအနေဆိုရင်တော့ လက်တလော ပင်လယ်ဘက်ဝဘက်ကို ဆိပ်ကမ်းအသစ်ကို မထွက်နိုင်သေးရင်တောင်မှ ကုန်စည်ကို ရေကြောင်းကနေ လွယ်လွယ်ကူကူ ထုတ်နိုင်တဲ့ အဆင့်တစ်ဆင့်ကို ကျွန်တော်တို့ မကြာခင်မှာ ဆောင်ရွက်နိုင်တော့မယ့် အခြေအနေ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ဆိပ်ကမ်း၏ တည်နေရာသည် မြို့အလယ်တွင် တည်ရှိနေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနေရသည့်အတွက် ကုန်စည်စီးဆင်းမှုကို ၂၄ နာရီပတ်လုံး သုံးစွဲနိုင်သည့် အခြေအနေမရှိခြင်း၊ ပင်လယ်ဝဆိပ်ကမ်းဖြစ်သည့် သီလဝါဆိပ်ကမ်းမှတစ်ဆင့် ကုန်သေတ္တာများ သယ်ယူမည်ဆိုပါက ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များအတွက် အဆင်ပြေမှုရှိသော်လည်း ရန်ကုန်အနောက်ပိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်များသို့ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းမှ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များသို့ ကုန်စည်စီးဆင်းမှုများကို ကုန်းလမ်းကြောင်းမှ သယ်ယူပါက မိုင် ၄၀ အထိ မောင်းနှင်ရမည်ဖြစ်ပြီး ရေလမ်းကြောင်းမှ သယ်ယူမည်ဆိုပါက ရေမိုင် ၂၁ မိုင်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

“၂၄ နာရီလုံးလုံး ကုန်စည်စီးဆင်းနိုင်မယ့် ဆိပ်ကမ်းတွေ ကျွန်တော်တို့မှာ လိုအပ်ပါတယ်။ အခုလောလောဆယ်တော့ သီလဝါဆိပ်ကမ်း ရှိပါတယ်။ သီလဝါဆိပ်ကမ်းဟာ ရန်ကုန်မြို့ရဲ့ အရှေ့ခြမ်းမှာရှိနေတာဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စက်မှုဇုန်တွေအတွက်တော့ အလွန်အင်မတန် အဆင်ပြေတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာလို စက်မှုဇုန်တွေအတွက်တော့ သီလဝါဆိပ်ကမ်းကနေ ကုန်းလမ်းကြောင်းက မောင်းမယ်ဆိုရင် မိုင် ၄၀ လောက်မြို့ကို ပတ်ပြီးမောင်းရမှာ ဖြစ်ပါတယ်။ မြစ်ရဲ့အနောက်ဘက်ခြမ်းမှာ တည်ဆောက်ထားမယ်ဆိုရင် ဒီနေရာဟာ ၁၀ မိုင်လောက်ပဲရှိတဲ့နေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်နေရသည့်အတွက် အခြားကမ်းရိုးတန်းဆိပ်ကမ်းများကိုလည်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုကို ၁၉၉၆ ခုနှစ်မှစ၍ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်မှ တိုက်ရိုက်ဆောင်ရွက်မှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

Most Read

Most Recent