ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် SSPP နှင့် TNLA တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အထိ ရှိလာ

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် SSPP နှင့် TNLA တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အထိ ရှိလာ
Published 11 May 2018

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက မေ ၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“၆၀၀ ကျော်ရှိတယ်လို့ မြေပြင်က အောက်ခြေက သတင်းပို့လာတာ ၆၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုလည်း ကျွန်တော်တို့ ကူညီနိုင်ဖို့ စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ အတတ်နိုင်ဆုံးပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများဖြစ်သော လလုံ၊ နားဆန်း၊ နားပိန်း၊ မန်ဆာလုံနှင့် မန်ဆာအွမ်တို့မှ ဒေသခံစစ်ဘေးရှောင်ပြည်သူများသည် မန်းရင်ကျေးရွာဘုန်းကြီးကျောင်း၊ ဝိန်းနန်ကျေးရွာဘုန်းကြီးကျောင်းနှင့် ပန်ခမ်းကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်တိမ်းရှောင်နေရပြီး လက်ရှိအချိန်တွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော် ရှိလာသည့်အတွက် စားနပ်ရိက္ခာမှာလည်း သုံးရက်စာသာ ကျန်ရှိတော့ကြောင်း မန်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောကြားသည်။

“အခုတော့ ကျွန်တော်တို့ မန်းရင်ဘုန်းကြီးကျောင်းမှာပဲ စစ်ဘေးရှောင်စခန်း ဖွင့်လိုက်ရတယ်လေ။ အခု လူဦးရေ ၂၀၀ကျော်သွားပြီ ၂၈၂ ယောက်ပေါ့။ ဝိန်းနန်ဘုန်ကြီးကျောင်းနဲ့ ပန်ခမ်းဘုန်းကြီးကျောင်းတို့မှာ ရှိသေးတယ်။ ဝိန်းနန်မှာတော့ လူဦးရေ ၆၀ ယောက်ရှိတယ်။ ပန်ခမ်းက ၂၇၉ ယောက်” ဟု ဦးထွန်းလင်းက ပြောကြားသည်။

စစ်ဘေးရှောင်ဘုန်းကြီးကျောင်းများသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ (နမ္မတူ)၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန (နမ္မတူ) နှင့် အရပ်ဘက် အဖွဲ့အစည်းများက စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

“တိုက်ပွဲက အခုဖြစ်နေတုန်းပဲ။ မနက် ၁၀ နာရီကစဖြစ်တော့ အခုထိ ဖြစ်နေတုန်းပဲ။ မန်အိုင်ကျေးရွာပြင်မှာ။ မိုင်အိုင်နဲ့ တစ်မိုင်လောက်ဝေးတယ်။ မန်ဆာလုံရွာနားမှာလေ။ အဲဒီရွာက ဒီနေ့ဒုက္ခသည်တွေ ထပ်တိုးတယ်။ သူတို့ကတော့ နားဟိုင်းရွာ ဘုန်းကြီးကျောင်းမှာ တည်းနေကြတယ်” ဟု ဦးထွန်းလင်းက မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်၍ နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးထံ ဆက်သွယ်ရာ ၎င်းမှာ ခရီးလွန်နေသည့်အတွက် အသေးစိတ် မဖြေကြားနိုင်ကြောင်း ဒေါ်နန်းခမ်းအေးက ဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ယခုရက်သတ္တပတ်အတွင်း SSPP နှင့် TNLA တို့ကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက မေ ၉ ရက်တွင် ပြောကြားသည်။

“တွေ့ဆုံညှိနှိုင်းဖို့ အခြေအနေ ရှိပါတယ်။ ချိန်းထားတာလည်း ရှိပါတယ်။ ဒါကတော့ ညှိနှိုင်းဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ရှိရင် အကျိုးမရှိဘူးပေါ့နော်။ ဖြေရှင်းတဲ့နည်းလမ်းလည်း မဟုတ်ဘူးပေါ့။ ကျွန်တော်တို့က အားမပေးပါဘူး။ အားမပေးပေမယ့် ဖြစ်သွားလိုက်ပြီဆိုတော့ လိုက်ပြီးတော့ ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ အချင်းချင်းပဲ အပြန်အလှန် ညှိနှိုင်းမှု လုပ်ရမှာပေါ့နော်။ အတင်းအလျှော့ လုပ်ရမှာပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

သို့သော် မေ ၉ ရက်က လက်နက်ကြီး ပစ်ခတ်သံအချို့ကြားရပြီး မေ ၁၀ ရက်တွင် မနက် ၁၀ နာရီမှစ၍ ပစ်ခတ်သံများ ကြားနေရကြောင်း တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ယင်းဒေသတွင် တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ အဖွဲ့စုံနေထိုင်ပြီး ရှုပ်ထွေးသည့်နေရာဖြစ်သည့်အတွက် အောက်ခြေတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက တိုက်ပွဲဖြစ်ရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊ SSPP နှင့် TNLA တို့မှာ မဟာမိတ်ဖြစ်သည့်အတွက် နောက်တွဲပြဿနာများ မရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

TNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် RCSS နှင့်လည်း မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း SSPP နှင့် TNLA တို့သည် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုနှင့် ဝိန်းနန်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အား အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး TNLA အဖွဲ့မှာ အဆိုပါ အဆင့်များတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။