ဘင်္ဂါလီအရေးအပေါ် အစိုးရ၏ရပ်တည်ချက်ကို ပြတ်သားတိကျစွာထုတ်ပြန်သင့်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင်ရှိသော်လည်း ကိုယ်စားလှယ်များ၏ အခွင့်အရေးကို အပြည့်အဝမရရှိဘဲ တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချ၊ ပိတ်ဆို့၊ တားဆီးမှုများရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် ထောက်ပြပြောဆို

ဘင်္ဂါလီအရေးအပေါ် အစိုးရ၏ရပ်တည်ချက်ကို ပြတ်သားတိကျစွာထုတ်ပြန်သင့်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင်ရှိသော်လည်း ကိုယ်စားလှယ်များ၏ အခွင့်အရေးကို အပြည့်အဝမရရှိဘဲ တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချ၊ ပိတ်ဆို့၊ တားဆီးမှုများရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် ထောက်ပြပြောဆို
Published 9 May 2018

ဘင်္ဂါလီအရေးအခင်းနှင့် စပ်လျဉ်း၍ ယခုအချိန်အခါသည် အရေးကြီးသည့် အချိန်အခါဖြစ်သည့်အတွက် အစိုးရ၏ ရပ်တည်ချက်ကို ပြတ်သားတိကျစွာထုတ်ပြန်သင့်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင်ရှိသော်လည်း ကိုယ်စားလှယ်များ၏ အခွင့်အရေးကို အပြည့်အဝမရရှိဘဲ တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချ၊ ပိတ်ဆို့၊ တားဆီးမှုများရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။

မေ ၈ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးတွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနား ပထမပိုင်းပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ်ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တာဝန်ယူတဲ့အချိန်က ဘယ်လိုတုံ့ပြန်သလဲဆိုတာ ခင်ဗျားတို့သိပြီးသားပါ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဟာ နိုင်ငံတကာအရေးရောက်အောင်၊ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ပြီး စီမံခန့်ခွဲရလောက်အောင် ကျွန်တော်တို့တာဝန်ယူတုန်းက လုံးဝလုပ်ဆောင်ခဲ့ခြင်းမရှိဘူး။ ဖြစ်လည်းအဖြစ် မခံခဲ့ဘူး။ ကိုယ့်ပြည်တွင်းရေးမှာ ကိစ္စတွေရှိခဲ့တာပဲ။ ရှိခဲ့တဲ့အခါ ကိုယ့်ပြည်တွင်းတရား ဥပဒေနဲ့အညီ နိုင်ငံတကာကလည်း လက်ခံအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ အခုလို နင်ဘဲငဆကြီးဖြစ်တဲ့အထိအောင်တော့ ကျွန်တော်တို့အဖြစ်မခံခဲ့ဘူး။ ခုလည်းပဲ နိုင်ငံတကာက သံတမန်တွေလာတယ်။ သံတမန်ဆိုတာ သံတမန်လိုပဲ ကျင့်ကြံရတယ်။ ဒီသံတမန်တွေဟာ သံအမတ်ကြီးအဆင့်တွေပဲ။ ကုလသမဂ္ဂမှာ ခန့်အပ်ထားတဲ့ သံအမတ်ကြီးတွေဆိုတာ ဝါရင့်သံတမန်တွေပါ။ ဒီသံတမန်တွေက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာ ဒီလိုသံတမန်မပီသစွာ ပြုမူတုံ့ပြန်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ တချို့ကိစ္စရပ်တွေမှာ ကုလသမဂ္ဂမှာရှိတဲ့ မြန်မာသံအမတ်ကြီးတွေက တုံ့ပြန်ပြောကြားတာ သတင်းတချို့မှာ တွေ့ရတယ်။ အစိုးရအနေနဲ့ မိမိရဲ့ရပ်တည်ချက်ကို တိတိကျကျ၊ ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာတာမျိုး ခုချိန်အထိ မတွေ့ရသေးဘူး။ ဒါဟာလည်းပဲ လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်။ ကုလသမဂ္ဂမှာ ဘာသာရပ်ပိုင်းဆိုင်ရာမှာ မိမိနိုင်ငံကို ကိုယ်စားပြုပြီးတော့ သံအမတ်ကြီးတွေ ပြောဆိုလာကြတယ်။ ကုလသမဂ္ဂမျက်နှာစာမှာရှိတဲ့ သံအမတ်အချင်းချင်းနဲ့ အဲဒီမှာ တာဝန်ရှိတဲ့သူတွေ သိမယ်။ ကိုယ့်ပြည်သူလူထုသိမယ်။ မီဒီယာတွေ၊ တခြားစောင့်ကြည့်နေတဲ့ ကမ္ဘာက စိတ်ဝင်စားတဲ့သူတွေဆီကို အစိုးရရဲ့ ရပ်တည်ချက်က တိတိကျကျမရောက်ဘူး။ အစိုးရအနေနဲ့ကတော့ ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်အခါဖြစ်တယ်။ ဒါကို ပြတ်ပြတ်သားသား တုံ့ပြန်ကြေညာရမယ့်အချိန်လည်း ဖြစ်တယ်။ အခု ဒီအဖွဲ့လာတယ်။ ဒီအဖွဲ့လာတဲ့အခါ သတင်းစာရှင်းလင်းပွဲတွေ လုပ်တဲ့အခါ မိမိအစိုးရရဲ့ ရပ်တည်ချက်ကဘာလဲ၊ လက်ခံမှာလား၊ လက်မခံဘူးလား၊ ပယ်ချမလား၊ ဒီလိုဟာမျိုးတွေကတော့ ပြည်သူလူထုအများစုကို အသိပေးရမယ့် အခြေအနေရှိတယ်။ ကျွန်တော်တို့ တာဝန်ယူခဲ့စဉ်က ပွင့်လင်းမြင်သာစွာ ချပြခဲ့ပါတယ်။ ပြည်သူလူထုက ယုံကြည်လို့ တင်မြှောက်ထားတဲ့အစိုးရတစ်ရပ်က ပြည်သူလူထုယုံကြည်အောင် ဆောင်ရွက်နိုင်ဖို့လိုတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ထောက်ပြဝေဖန်သည်။

ဦးဝဏ္ဏမောင်လွင်သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် မိမိတို့ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင်ရှိသော်လည်း ကိုယ်စားလှယ်များ၏ အခွင့်အရေးကို အပြည့်အဝမရရှိဘဲ တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချ၊ ပိတ်ဆို့၊ တားဆီးမှုများရှိနေသည်မှာ အားလုံးအသိဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ထပ်မံပြောကြားသည်။

ဒီမိုကရေစီအပြည့်အ၀ ထွန်းကားသော နိုင်ငံများတွင် အတိုက်အခံပါတီများ လွှတ်တော်ထဲရောက်ရှိသွားသောအခါ တစ်ယောက်ဆိုတစ်ယောက် ၎င်းတို့၏ ပြောရေးဆိုခွင့်များ ပြည့်ပြည့်၀၀ရရှိကြကြောင်း၊ မိမိတို့ဆီတွင် ဒုတိယအကြိမ်ကျင်းပသော လွှတ်တော်ထဲတွင် ဖြစ်ပျက်နေသော အနေအထားများ ၊လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရသလား၊ အဆိုတွေ တင်သွင်းခွင့်ရသလား၊ မေးခွန်းတွေ တုံ့ပြန်ခွင့်ရသလားဆိုသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့ပါတီ၏ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင် ရှိသော်လည်း ကိုယ်စားလှယ်များ၏ အခွင့်အရေးကို အပြည့်အဝရရှိခြင်းမရှိကြောင်း၊ ယင်းသို့မရှိခြင်းကြောင့် တစ်ဖက်ကလွဲမှားနေသည့် လုပ်ထုံးလုပ်နည်းများ၊ အများပြည်သူကို အသိပေးသင့်သည့် ကိစ္စရပ်များကို မည်သို့ပင် ထောက်ပြ၊ ထောက်ပြ တစ်ချက်လွှတ်အမိန့်နှင့် ပယ်ချ၊ ပိတ်ဆို့၊ တားဆီးမှုများ ခံနေရသည့်အတွက် အပြည့်အဝမရဟုမြင်ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

Most Read

Most Recent