လပွတ္တာမြို့နယ်တွင် အမျိုးသားနှစ်ဦးအား ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းက ချုပ်ရက်ရမန် မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းကာ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူ

လပွတ္တာမြို့နယ်တွင် အမျိုးသားနှစ်ဦးအား ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းက ချုပ်ရက်ရမန် မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းကာ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူ
Published 9 May 2018

မသင်္ကာဟုဆိုကာ လူနှစ်ဦးအား လိင်အင်္ဂါ၊ ပေါင်နှင့် ခြေသလုံးတို့တွင် ဒဏ်ရာများရရှိသည်အထိ နှိပ်စက်ထားသည်ကို တွေ့ရစဉ်

လပွတ္တာမြို့နယ်တွင် အမျိုးသားနှစ်ဦးအား ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းမှ ချုပ်ရက်ရမန်မယူဘဲ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းကာ အရေပြားများနှင့် လိင်အင်္ဂါများ ထိခိုက်သည်အထိ ပလတ်စတစ် အရည်ပူဖြင့် အစက်ချခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့များနှင့် စခန်းမှူး အပါအဝင် လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးကိုပါ ရဲစည်းကမ်း ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ထားပြီး နစ်နာခဲ့သူများကလည်း တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော ဇန်နဝါရီ ၁၉ ရက်က ဒေါင့်ချောင်းကျေးရွာရှိ နေအိမ်တစ်ခုတွင် ခိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ခိုးမှုနှင့် ပတ်သက်၍ ကျေးရွာရှိ လူအများစုကို အပိုင်နယ်မြေ ရဲစခန်းဖြစ်သည့် ပိုးလောင်းရဲကင်းရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ဒေါင့်ချောင်းကျေးရွာရှိ ဦးခင်မောင်လတ် (ဘ) ဦးတင်ဝင်း ဆိုသူကို ပိုးလောင်းရဲကင်းရဲစခန်းမှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ နေအိမ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် အချိန်တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး စခန်းရှိ ရဲဒုတပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား သူရိန်ဦးတို့က ဦးခင်မောင်လတ်အား စခန်းတွင် ရိုက်နှက်ခြင်း၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိတ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍ အစက်ချခြင်း၊ လိင်အင်္ဂါပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဒေါင့်ချောင်းကျေးရွာရှိ ကိုစိုးမြတ်အောင်(ခ) မျောက်ကလေးအား မတ် ၁၅ ရက်တွင် ပိုးလောင်း ရဲကင်းရဲစခန်းမှ ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ချုပ်ရက်ရမန်မယူဘဲ ရက်ပေါင်းများစွာ ထိန်းသိမ်းထားကာ စခန်းရှိ ထုပ်တန်းတွင် ဇောက်ထိုးဆွဲထားခြင်း၊ ထိတ်တုံးခတ်ကာ ရိုက်နှက်ခြင်း၊ ပေါင်နှင့် တင်ပါးများကို ပလတ်စတစ်ကြိုးကို မီးရှို့၍အစက်ချခြင်း၊ လိင်အင်္ဂါအပေါ် အစက်ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်မှုကြောင့် ကိုစိုးမြတ်အောင်မှာ စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ဓနုံးချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အား တိုင်ကြားခဲ့သောကြောင့် ဆရာတော်က မတ် ၂၃ ရက်တွင် ကိုစိုးမြတ်အောင်အား လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသစေခဲ့ကြောင်း၊ ကိုစိုးမြတ်အောင်၏ ပြောဆိုချက်အရ စခန်းတွင် ထပ်မံအနှိပ်စက်ခံနေရသူ ဦးခင်မောင်လတ်ကိုပါ သွားရောက် ခေါ်ဆောင်ခဲ့ပြီး လပွတ္တာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း လာရောက်စစ်ဆေးခဲ့ကြောင်း၊ ကျူးလွန်ခဲ့သည် ဟုဆိုသော ပိုးလောင်းရဲကင်းရဲစခန်းမှ ဒုတပ်ကြပ်ပြည့်ပိုပိုမင်း၊ ရဲတပ်သား ဝေဖြိုးအောင်နှင့် ရဲတပ်သား သူရိန်ဦးနှင့် တာဝန်ရှိသူများ ဖြစ်သည့် ပိုးလောင်းရဲစခန်းမှူး မြို့နယ်မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအား ရဲစည်းကမ်း ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

“လပွတ္တာ ပိုးလောင်းမှာပေါ့။ သံသယတရားခံကို ညှဉ်းပန်းနှိပ်စက်တဲ့ တပ်ဖွဲ့ဝင် စခန်းမှူး အပါအဝင်ပေါ့ တပ်ဖွဲ့ဝင် ခြောက်ဦး ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။ အဲဒီမှာ ကြီးကြပ်ကွပ်ကဲမှုမှာပါတဲ့ မြို့နယ်မှူးကိုလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက် ထားပါတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း စုံစမ်းစစ်ဆေး ပေါ်ပေါက်လာရင်တော့ အခြားသော တပ်ဖွဲ့ဝင်တွေကိုလည်း ပြစ်မှုမှာ ပါဝင်ကျူးလွန်တဲ့ အတိုင်းအတာပေါ်မှာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ နစ်နာသူကလည်း တရားရုံးမှာ အမှုဖွင့်တဲ့အတွက် ပြင်စလူရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါတယ်။ အခုသူတို့ အမှုဖွင့်ထားတာ သုံးယောက်တည်း ဆိုပေမယ့် ဆက်လက်ပြီးတော့ ပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့ အတိုင်းအတာပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ်၊ ဒီတစ်ပတ်အတွင်းမှာပဲ တရားရုံးတင် ဆောင်ရွက်နိုင်မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ဖြစ်စဉ်တွင် နစ်နာခဲ့သည့် ကိုခင်မောင်လတ်ကလည်း ၎င်းတို့အား နှိပ်စက်ခြင်း ပြုလုပ်ခဲ့သည် ဟုဆိုသော ရဲတပ်ဖွဲ့ဝင် အချို့အား ပြင်စလူရဲစခန်းတွင် အမှုဖွင့်ထားပြီး လပွတ္တာမြို့နယ် တရားရုံးတွင်လည်း ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ယင်းတရားစွဲဆိုထားမှုအား ယခုတစ်ပတ်အတွင်း တရားရုံးတွင် စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။