ပိတ်မိနေသည့် ပြည်သူများအရေး မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနီးတွင် ဆန္ဒထုတ်ဖော်

ပိတ်မိနေသည့် ပြည်သူများအရေး မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနီးတွင် ဆန္ဒထုတ်ဖော်
Published 4 May 2018

ပိတ်မိနေသည့် ပြည်သူများအရေး မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနီးတွင် မေ ၃ ရက်က ဆန္ဒထုတ်ဖော်နေစဉ်

ပိတ်မိနေသည့် ပြည်သူများအရေး မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနီးတွင် ကချင်လူငယ် တစ်ထောင်ခန့်က မေ ၃ ရက် နံနက် ၅ နာရီခန့်မှ စတင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြမှုကို ကချင်လူငယ်များက ဦးဆောင်ခဲ့ပြီး ဧပြီ ၃၀ ရက်ကတည်းက မြစ်ကြီးနားမြို့ပေါ်တွင် လမ်းလျှောက်ဆန္ဒပြခဲ့ပြီးနောက် အထက (၁) အရှေ့တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသပိတ်ကိုရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီး မနောကွင်းသို့ ပြောင်းရွှေ့ကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မေ ၃ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ဆွမ်ပရာဘွမ်လမ်းမပေါ်သို့ ရွှေ့ပြောင်းဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပိတ်မိပြည်သူများ လွှတ်ပေးရေး၊ အကူအညီပေးရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မေ ၃ ရက် ညနေပိုင်း ၃ နာရီတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ချိန်းဆိုမှုများ ရှိခဲ့သော်လည်း ညနေပိုင်း ၅ နာရီခန့်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဆန္ဒပြလူငယ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းမှသာ ပြီးဆုံးမှာဖြစ်ကြောင်း၊ အတိုက်အခံပြုလုပ်ရုံမျှဖြင့် ပြဿနာများပြေလည်မည် မဟုတ်ဘဲ ဝိုင်းဝန်းအဖြေရှာကြရန် လူငယ်များကို တိုက်တွန်းခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က လုပ်ငန်းများအားလုံး ညှိနှိုင်းလုပ်ဆောင်နေကြောင်း၊ မနက်ဖြန်တွင် လမ်းကြောင်းလေးခုခွဲကာ အောင်လောဒ်၊ ရှန်ငေါ်၊ ချီဖွေ၊ မန်ဝယ်သို့သွားရန် ရှိနေကြောင်း၊ လတ်တလော စစ်ရှောင်များအတွက် ရိက္ခာများ ပိုလျှံနေခြင်းကြောင့် ကော်မတီဖွဲ့ပြီး ထိန်းသိမ်းထားကြောင်း၊ အသက် ၉၀ နှစ်အထက်များကို ကျပ်ငွေတစ်သိန်း ထောက်ပံ့ရန် စီစဉ်နေကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မေ ၅ ရက်တွင် လာရန်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အောင်လောဒ်ခရီးစဉ် ကူညီရေးကို ဦးဆောင်ခဲ့သည့် ပြည်နယ်ကြက်ခြေနီရုံးဥက္ကဋ္ဌ ဦးဂဲနက်(စ်)က တိုက်ပွဲကြောင့် ဒုက္ခရောက်သူများကို ကူညီရန် နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် အစိုးရအဖွဲ့နှင့် တိုင်ပင်ခဲ့ကြောင်း၊ သိက္ခာတော်ရ ဆရာတော်များနှင့် ပူးပေါင်းကာ မြောက်ပိုင်းတိုင်းဌာနချုပ်တွင်လည်း ခွင့်ပြုနိုင်ရေး ဆွေးနွေးခဲ့ကြောင်း၊ သွားရောက်ကူညီသော်လည်း အောင်လောဒ်ကျေးရွာသားများ မရှိတော့ကြောင်း၊ ရွှေမှော်မှ လူ ၂၂၅ ဦးကို ကယ်တင်ကာ မိုးကောင်း၊ နမ္မတီးမြို့မှတစ်ဆင့် ပို့နိုင်ခဲ့ကြောင်း၊ အောင်လောဒ်ရွာတွင် သုံးရက်ကြာ စောင့်ဆိုင်းခဲ့ကြောင်း၊ ကျေးရွာတွင် ပျက်စီးမှုများ မတွေ့ရကြောင်း၊ ထွက်ပြေးသူများနှင့် ငါးကြိမ်ဆက်သွယ်မှုရပြီး ထွက်ပြေးနေသူများက တနိုင်းကို ထွက်ခွာခွင့်ပြုရန် ခွင့်တောင်းကြောင်း၊ တပ်မတော်မှ လုံခြုံရေးကိုမထိခိုက်ပါက ကျေးရွာတွင် လာနေစေလိုကြောင်း၊ စစ်ဆေးမှုများလုပ်မည် မဟုတ်ကြောင်း၊ တပ်က အားလုံးကိုကြိုဆိုကြောင်း၊ ကျန်လူများ ထွက်မလာနိုင်သော်လည်း သက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ နာမကျန်းများအားလုံးကို တနိုင်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောထဲတွင်ရှိနေသူများက ဆွေးနွေးတိုင်ပင်ဦးမည်ဖြစ်ကြောင်း ပြောကြားကာ အဆက်အသွယ်မရတော့ကြောင်း ရှင်းလင်းခဲ့သည်။

ကချင်လူငယ်အဖွဲ့သည် မေ ၂ ရက်က ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်နယ်) တာဝန်ရှိသူများက ခရီးမှပြန်ရောက်လာသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အား စစ်ဘေးကြောင့် ပိတ်မိနေသူများကို အမြန်ဆုံးအကူအညီပေးရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်သူ သုံးထောင်ကျော် အစိုးရနယ်မြေအတွင်းသို့ ခိုလှုံခဲ့သည်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက တနိုင်း၊ အင်ဂျန်ယန်၊ ကာမိုင်းဒေသ မန်ဝယ် (လိုင်နောင်းခူး) ဒေသတို့တွင် ပိတ်မိနေသူ သုံးထောင်ဝန်းကျင်ရှိကြောင်း ပြောကြားခဲ့သော်လည်း အစိုးရအဖွဲ့က စစ်ဘေးသင့်ပြည်သူများအား ကူညီမှုများကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။