ဘက်လိုက်မှု ကင်းသော တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ရန်လိုအပ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား

ဘက်လိုက်မှု ကင်းသော တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ရန်လိုအပ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 3 May 2018

ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ (၁၀) ကြိမ်မြောက် ရုံးထုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြုလုပ်သော စာပေဟောပြောပွဲ၌ ဟောပြောမှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ (၁၀) ကြိမ်မြောက် ရုံးထုတ်တွင် ဘက်လိုက်မှုကင်းသော တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“ဆင်ခြင်တုံတရားကို ထိန်းညှိပေးတဲ့ တရားရေးမဏ္ဍိုင် ဖြစ်ဖို့လိုလည်း လိုတယ်။ ဆန္ဒလွတ်လပ်သော ဘက်လိုက်မှုကင်းသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ဖို့ ကြိုးစားနေကြတာတွေ့လို့ အင်မတန် ဝမ်းသာတယ်။ အဲဒီလိုဖြစ်မှ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဖို့၊ ဘာအသံမှ မကြားရတဲ့နိုင်ငံ ဖြစ်ဖို့ အုပ်ချုပ်နိုင်လေ ပိုကောင်းလေ။ အခုလိုအချိန်မျိုးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အင်မတန် လိုအပ်တယ်။ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ လိုတယ်” ဟု ဒေါက်တာအေးမောင် က မေ ၂ ရက် (၁၀) ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးမှ ပြန်ထွက်လာစဉ် ပြောကြားသည်။

ဒေါက်တာအေးမောင်တို့အား (၁၀) ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ယင်းသို့ မစစ်ဆေးခြင်းမှာလည်း ပြည်နယ် တရားလွှတ်တော်က အမှုတွဲ တောင်းခံထားသည့်အတွက် မစစ်ဆေးခြင်းဖြစ်ပြီး မေ ၁၆ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အမှုတွဲချေဖျက်ရန် တင်ပြထားသည့်အပေါ် စီရင်ချက် ချမှတ်နိုင်ခြေရှိကြောင်း မိသားစုဝင်များက ပြောကြားသည်။

“သမ္မတကြီး ပြောတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ တရားရေးမဏ္ဍိုင်ကိုလေ။ ကျွန်တော်ဖတ်မိတယ်။ လွတ်လပ်သော၊ ဘက်လိုက်မှုကင်းသော တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ထိန်းညှိပေးဖို့ သူကြိုးပမ်းမယ်ဆိုတော့ မြန်မြန်ဆန်ဆန်လေးဆိုတဲ့ စကားလုံးကို ထပ်ပြီး ထည့်ပေးစေချင်တယ်။ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတဲ့ ဖြူစင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုကြီးကို ထူးထောင်နိုင်တဲ့နိုင်ငံ ဖြစ်ဖို့လိုတယ်။ အဲဒါကို ကျွန်တော်တို့ အစိုးရက ဆောင်ရွက်နိုင်ဖို့ လိုတယ်။ အကျဉ်းသားဆိုတာ မရှိအပ်ဘူး။ နှစ်ပတ်လောက်အတွင်းမှာ အဖြေတစ်ခုကို တရားရေးမဏ္ဍိုင်ဘက်က လာမယ်ထင်ပါတယ်။ အဲဒီမှာ ရခိုင်ပြည်သူအားလုံး မျှော်လင့်တဲ့ အကောင်းဆုံးအဖြေကို ရမယ်လို့ မျှော်လင့်တယ်။ ကျွန်တော်ကတော့ ယုံတယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင် တရားရုံးတွင် ပုဒ်မ ၁၂၂ အရ စွဲဆိုထားပြီး စစ်တွေမြို့နယ်တရားရုံးတွင် ရသေ့တောင်မြို့နယ်တွင် စွဲဆိုထားသည့် ပုဒ်မ ၁၇ (၁)နှင့် ၅၀၅(ခ)(ဂ) တို့ စွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ဝေဟင်အောင်ကလည်း “တောင်ကုတ်မြို့မှာ ကျင်းပနေတဲ့ ရခိုင် လူငယ်ညီလာခံကို ကြိုဆိုပါတယ်။ ညီလာခံမှာ ယခုတက်နေတဲ့ လူငယ်တွေ အနေဖြင့်လည်း မာနတရားကို ချပါ။ အာဃာတတရားကို ဖယ်ပါ။ ဂိုဏ်းဂဏဖွဲ့ခြင်းကို ဘေးဖယ်ပြီး စုစည်းညီညီ တက်လှမ်း ဆောင်ရွက်နိုင်ကြပါစေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိရင် ဒီလိုလက်ထိပ်မျိုး မြောက်မြားစွာ လာမယ်။ ဒါကြောင့် ကျွန်တော်တို့ မျိုးဆက်မှာ ရအောင် တိုက်ပွဲဝင်သွားရမှာ ဖြစ်တယ်။ ရခိုင်လူငယ်ညီလာခံ ကျင်းပကြတဲ့ လူငယ်များကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။

ဒေါက်တာ အေးမောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လွှတ်တော်တက်ခွင့် မရသည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ ယင်းအပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ပါဝင်ခွင့် မရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ရုံးထုတ်စဉ် ပြောကြားမှုများ ရှိခဲ့ပြီး မိမိအနေဖြင့် ရခိုင်လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားသည်ဟု မပြောဆိုခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

“ရခိုင်လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားတယ်။ အဲဒါ ကျွန်တော် မသုံးဘူး။ ဒါပေမဲ့ အဲဒါကို သတင်းစာတွေမှာ ပါလာတော့ ကျွန်တော် စိတ်မကောင်းဘူး။ ဒါဟာ ဗမာနဲ့ ရခိုင်ကို ရန်တိုက်သလို ဖြစ်နေတယ်။ ကျွန်တော်က အမျိုးသားစည်းလုံးမှုကို သွားတာ”ဟု ဒေါက်တာအေးမောင်က ဖေဖော်ဝါ ရီ ၉ ရက်က တရားရုံးသို့ လာရောက်စဉ် ကားမှအဆင်းတွင် မီဒီယာများသို့ ပြောကြားသည်။

အလားတူစွာပင် ဒေါက်တာအေးမောင်၏ ဟောပြောသော စကားများတွင်လည်း ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေး မပေးခြင်း၊ ရခိုင်ပြည်နယ်ကို မြေပုံထဲကလည်း မပျက်စေချင်၊ ရခိုင်ကိုလည်း ကျွန်လို သဘောထားလျှင်ဖြင့် ရခိုင်ပြည် အချုပ်အခြာအာဏာကို မရရအောင် ပြန်လည် ရယူရမည် ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ပြန်လည်ရယူရေးအတွက် နည်းလမ်းနှစ်ခုသာ ရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြုနိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း ထည့်သွင်းဟောပြောခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အားလုံး သိတဲ့အတိုင်း ဟောပြောပွဲ လုပ်တယ်။ ကျွန်တော်တို့ကို ဖမ်းတယ်။ ဖမ်းတဲ့အခါမှာ ခိုင်လုံရဲ့လား ပြန်သုံးသပ်ပေးဖို့ လိုတယ်။ ပြည်နယ်အစိုးရကိုလည်း ပြောချင်တယ်။ ဖြစ်နိုင်ရင် ၄/၂၀၀၈ ခုနဲ့ တရားစွဲတယ်။ ပြည်နယ်ဥပဒေချုပ် ကိုယ်တိုင် မသိလိုက်ဘူးတဲ့”ဟု ဧပြီ ၁၈ ရက် ရုံးချိန်းတွင် ဒေါက်တာအေးမောင်က ပြောကြားသည်။