သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မြေကွက်အမှတ် ၂၂၊ ၂၃ နှင့်၂၄ တို့တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မြေကွက်အမှတ် ၂၂၊ ၂၃ နှင့်၂၄ တို့တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 2 May 2018

ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ပိုင်ဆိုင်သော မြေကွက်အမှတ် ၂၂၊ ၂၃ နှင့် ၂၄ တို့ပေါ်တွင် ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိသီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် ၂၅ နှင့် ၂၆ ပေါ်တွင်ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ အဆိုပါဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများပြီးစီးပါက မြေကွက်အမှတ် ၂၂၊ ၂၃ နှင့် ၂၄ တို့တွင် ဆိပ်ကမ်းသစ်များဆက် လက်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ သီလဝါဒေသ မြေကွက် ၂၅ နဲ့ ၂၆ ပေါ်မှာ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ စီမံကိန်းလုပ်ငန်းတွေ ပြီးစီးပြီး ၂၀၁၉ နှစ်ဆန်းပိုင်းမှာ သင်္ဘောဆိုက်ကပ်မှုတွေ လက်ခံနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ပြီးတာနဲ့ ကျန်တဲ့မြေကွက်၂၂၊ ၂၃ နဲ့ ၂၄ ပေါ်မှာ ဆိပ်ကမ်းသစ်တွေ တည်ဆောက်တာကို ဆက်ပြီး လုပ်သွားမယ်။ နောက်ပိုင်းမှာ ဆိပ်ကမ်းသုံး ယန္တရားတွေတပ်ဆင်ပြီးနဲ့ တစ်နှစ်ကို TEU တစ်သန်းလောက်အထိ ကုန်တင်ကုန်ချ ပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းဖြစ်လာအောင် ဆောင်ရွက်သွားမယ်။ ဒါမှ နိုင်ငံရဲ့ သွင်းကုန်ပို့ကုန် တင်ပို့မှု တိုးတက်လာရင် သီလဝါမှာ အဆင်သင့်လက်ခံနိုင်အောင်ပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဧပြီ ၃၀ ရက်က ပြောကြားသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် ၂၅ နှင့် ၂၆ တွင် ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်နေသည့် ဆိပ်ကမ်းတည်ဆောက်မှုတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ ပါဝင်ပြီး စီမံကိန်းပထမအဆင့်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၆၈၀ သန်းဖြင့်တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများတွင် ၄၀၀ မီတာ _ ၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type ) ၊ ၈၀-၉၀ မီတာ_ ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများဖြစ်သည့်  Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်း ဝယ်ယူတပ်ဆင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

စီမံကိန်းတည်ဆောက်ရေး ကာလမှာ ၂၀၁၆ ခုနှစ် ဇွန်တွင် စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စီမံကိန်း လုပ်ငန်းများပြီးစီးမည် ဖြစ်သည်။