ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိ
Published 29 April 2018

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် ဆက်လက်လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်အစိုးရဘက်မှ ပံ့ပိုးမှုများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သင်တန်းများပေးခြင်း၊ ရပ်ရွာလူထုအတွက် လုပ်ငန်းများလည် ပတ်ဆောင်ရွက်ရန် ငွေသားကူညီ ထောက်ပံ့ပေးခြင်း၊ ရေအရင်းအမြစ်များကို အသစ်ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ရွေ့လျားဆေးခန်းများဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း အစရှိသည့် ရပ်ရွာလူထုအခြေပြု ဘေးဒဏ်ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနေသည့် လုပ်ငန်းများကိုလည်း တင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် လူမှုကရုဏာဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးနိုင်ရန် ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် အရေးပေါ် လိုအပ်နေသော တာပေါ်လင်များ၊ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း၊ သောက်သုံးရေရရှိရေး ကူညီပေးခြင်းများ အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ယာယီကယ်ဆယ်ရေး စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပါ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မောင်တော၊ ဘူးသီးတောင်မြို့များမှ တိမ်းရှောင်လာသော ပြည်သူများကိုလည်း ကူညီကယ်ဆယ်ခဲ့ပြီး ယာယီခိုလှုံရေးစခန်းများတွင် သောက်သုံးရေရရှိရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) နှင့် ပူးပေါင်းလုပ်ဆောင်ပေးခဲ့ကြောင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့များမှ ရေယာဉ်ဖြင့် တိမ်းရှောင်လာသော ပြည်သူများကို ကြက်ခြေနီအသင်း၊ ရခိုင်အထူးစီမံချက်မှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် စေတနာ့လုပ်အားရှင်များ၊ စစ်တွေကြက်ခြေနီ စေတနာ့လုပ်အားရှင်များ၊ ကြက်ခြေနီ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ယာယီခိုလှုံရေးစခန်းများတွင် နေရာချထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လုပ်ဆောင်ပေးခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာသူများ ယာယီနေထိုင်ရာ ဘုန်းကြီးကျောင်းများသို့ ရခိုင်အထူးစီမံချက်မှ ဝန်ထမ်းများနှင့် စေတနာ့ လုပ်အားရှင်တပ်ဖွဲ့ဝင်တို့က လိုအပ်ချက်များကို သွားရောက်ဆန်းစစ်ခဲ့ပြီး နေရာထိုင်ခင်းများအတွက် တာပေါ်လင်များ စီစဉ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိထိ ရခိုင်ပြည်နယ်တွင် အကူအညီ လိုအပ်သူများကို ရှေးဦးပြုစုပေးခြင်းနှင့် ဆေးရုံသို့ ညွှန်းပို့ပေးခြင်း၊ ယာယီစခန်းများတွင် ကျန်းမာရေးဦးစီး ဌာနနှင့်ပူးပေါင်းကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ သောက်သုံးရေနှင့် ဆိုလာမီးအိမ်များ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းများ၊ ခြင်ထောင်များ စသည့် ကယ်ဆယ်ရေး ပစ္စည်းများကိုလည်း ကြက်ခြေနီ အခြေခံမူများနှင့်အညီ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent