မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်

မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်
Published 29 April 2018

မန္တလေးမြို့တွင် ဧပြီ ၂၇ ရက် ညနေ ၆ နာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့် သက်တမ်းရင့် အပင်ကြီးများ လဲပြိုစဉ် (ဓာတ်ပုံ- ဌေးလှအောင်)

မိုးဦးကာလ၌ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်ကာ နှစ်ကြိမ်သည် ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ ဖြစ်ကြောင်း၊၂၀၁၈ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှု အခြေအနေသည် အနောက်တောင် မုတ်သုံလေသည် မေ ၁၆ -၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ မေ ၂၁ - ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေ ၂၆-၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် ဇွန် ၁- ၅ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင် ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။ မိုးဦးကာလအတွင်း မိုးရွာသွန်းမှု အခြေအနေသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မေလအတွင်း ကပ္ပလီပင်လယ်ပြင်တွင် မုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နိုင်ကာ မြစ်ဝကျွန်းပေါ်ဘက်သို့ ဦးတည်ရွေ့လျားလာနိုင်ကြောင်း မိုးဇလပညာရှင် ဦးချစ်ကျော်က ခန့်မှန်းပြောကြားသည်။

“မေလဟာ ပုံမှန် မုန်တိုင်းရာသီကာလ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ပုံဖြစ်နည်း ရွေ့ပုံရွေ့နည်းတွေ မတူကွဲပြားလာတာကို သတိပြုစေချင်ပါတယ်။ အခုလာမဲ့ ၂၀၁၈ မေမှာ တစ်လလုံးအနေနဲ့ မိုးမများပါဘူး။ ပြည်နယ်တိုင်းတချို့မှာ ရွာသွန်းမြဲအောက်တောင် လျော့နိုင်ပါတယ်။ နေ့အပူချိန်တွေ အနေနဲ့လည်း တစ်ပြည်လုံး အလွန်ပူတာမျိုး မဟုတ်ပါဘူး။ ပူလိုက် မိုးရွာပြီး ပြန်အပူလျော့လိုက်သာ ဖြစ်ဖို့များပါတယ်။ ဆယ်ရက်ပတ်အလိုက် ကြည့်ရင်တော့ ပထမ ဆယ်ရက်ပတ် (မေ ၁ ရက်မှ ၁၀ ရက်အတွင်း) လေဖိအားနည်းရပ်ဝန်းလေးတစ်ခု ဖြစ်နေကျ မဟုတ်တော့ ကပ္ပလီပင်လယ်မှာ ဧပြီ ၃၀ ရက် ဝန်းကျင်မှာ အစပျိုးလာနိုင်ပြီး မေ ၁ ရက်မှာ ဖွံ့ဖြိုးလာနိုင်ပါတယ်။ မေ ၂ ရက်မှာ မုန်တိုင်းငယ်လေးအဆင့် ရောက်လာနိုင်ပြီး လက်ရှိ ခန့်မှန်းချက်များအရတော့ မြစ်ဝကျွန်းပေါ်ဘက် ဦးတည်နေပါတယ်။ မေ ၃ ရက်မှာ မော်တင်စွန်း ထိပ်နားကို ကပ်လျက် မြောက်ဘက်ကို ရွေ့နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ မေ ၄ ရက်မှာတော့ ဂွအနောက်ဘက်ကို ရောက်နိုင်ပြီး ကမ်းခြေနဲ့အပြိုင် မြောက်ဘက် ဆက်တက်နိုင်တာ တွေ့ရပါတယ်”ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသတို့တွင် မိုးလေထန်နေဦးမည် ဖြစ်ကြောင်း၊ မေ ၃ ရက်မှ ၆ ရက်အတွင်း အထူးသိပြု နေထိုင်နေကြောင်း၊ ယင်းအပြင် ဧပြီ ၂၈ မှ ၃၀ ရက်အတွင်း မိုးပမာဏ များများ မြန်မာနိုင်ငံပေါ် ရွာခဲ့ပါက ဖြစ်လာနိုင်သည့် မုန်တိုင်းငယ်ဟာ အင်းအားလျော့နိုင်ကြောင်း၊ အခြေအနေကို ဆက်လက် စောင့်ကြည့် တင်ပြသွားမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“အထူးသဖြင့် ကမ်းရိုးတန်း နေထိုင်သူများ (ဧရာဝတီ ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်း နေထိုင်သူများ) မိုးလေဝသသတင်းများ အဆက်မပြတ် ရယူနားထောင် စေချင်ပါတယ်။ ခန့်မှန်းချက်တွေအနေနဲ့ တစ်နေ့ချင်း ဖြစ်ပေါ်လာမဲ့ မိုးလေဝသ ဖြစ်စဉ်များအပေါ် မူတည်၍ အနည်းနဲ့အများ ပြောင်းလဲနိုင်သော်လည်း ကြိုတင် ပြင်ဆင်သင့်တာများ ပြင်ဆင်ခြင်း သတိပေးခြင်း သတင်းအမှန်များ ဖလှယ်ခြင်း စတာတွေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ သဘာဝဘေးနှင့် စပ်ဆိုင်သော အဖွဲ့အစည်းများအနေဖြင့်လည်း နိုးကြားသော သတိဖြင့် စောင့်ကြည့်လေ့လာ ပြင်ဆင်သင့်ပါတယ်”ဟု ဦးချစ်ကျော်က ပြောကြားခဲ့သည်။

Most Read

Most Recent