ကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးပွဲ ကျင်းပ

ကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးပွဲ ကျင်းပ
Published 29 April 2018

ကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးပွဲ ကျင်းပစဉ်

ကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးပွဲကို ကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနိုင်ရေးအဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းပြီး မန္တလေးမြို့ ဟိုတယ်မန္တလေးတွင် ဧပြီ ၂၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနိုင်းရေးကို နေပြည်တော်မှာ လုပ်ခဲ့တယ်။ အဲဒီကနေ ရည်မှန်းချက် ၄ ရပ်ထွက်လာခဲ့တယ်။ အဲဒီရည်မှန်းချက် ၄ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်သင့်တယ်။ ဘယ်သူတွေပါဝင်သင့်လဲဆိုတော့ ပါဝင်သင့်တဲ့သူတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ဒီကိစ္စကို ဆွေးနွေးသင့်တယ်။ တရားရုံးတွေကလည်း သူတို့ရဲ့မဟာဗျူဟာရှိတယ်။ ဥပဒေကလည်း သူတို့ရဲ့ မဟာဗျူဟာတွေရှိတယ်။ ရဲကလည်း သူတို့ရဲ့လုပ်ငန်း မဟာဗျူဟာတွေရှိတယ်။ အဲဒီမဟာဗျူဟာတွေကိုလည်း ပျောက်ပျက်မသွားစေချင်ဘူး။ ကျွန်တော်တို့နဲ့ ပူးပေါင်းစေချင်တယ်။ အဲဒီတော့ ဘယ်လိုပူးပေါင်းကြမလဲ၊ ဘယ်လိုပူးပေါင်းရင်သင့်မလဲ၊ ဘယ်လိုဆောင်ရွက်သင့်တယ်၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာရဲ့ အဖြေတွေ ထွက်လာမယ်။ အဲဒီကနေမှ ဘယ်လိုအချက်အလက် ဘယ်လိုအခက်အခဲတွေရှိတယ်။ ဘယ်လိုစိန်ခေါ်ချက်တွေ ရှိတယ်ဆိုတာ သိချင်တဲ့အတွက်ကြောင့် ဒီပွဲကိုကျင်းပရခြင်း ဖြစ်ပါတယ်” ဟု တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ (မန္တလေးတိုင်းဒေသကြီးအဖွဲ့ခွဲ) ၏ ခေါင်းဆောင် ဦးတင်အောင်က ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးတွင် ကဏ္ဍအသီးသီး ပေါင်းစပ်ညှိနှိုင်းမှု တရားဥပဒေစိုးမိုးရေးအပေါ် ပြည်သူ၏ယုံကြည်မှုကို ရရှိစေရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော အသိပညာပေးမှုနှင့် ရှေ့ဆက်လုပ်ငန်း ဆောင်ရွက်ရန်လုပ်ငန်းများ စသည့် ရည်မှန်းချက် ၄ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဏ္ဍပေါင်းစုံနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဆွေးနွေးပွဲကို UNDP နှင့် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော အခြားအဖွဲ့ဝင်များ အရပ်ဘက်အဖွဲ့အစည်းတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး ချမှတ်ထားသော ရည်မှန်းချက် ၄ ရပ်အပေါ် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကာ တင်ပြချက်များ အနှစ်ချုပ်ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။