ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် ဆုံးရှုံးသွားသော လယ်မြေနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲ အမ်းမြို့နယ်အတွင်း သုသာန် လေးခုတွင် ပြုလုပ်

ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် ဆုံးရှုံးသွားသော လယ်မြေနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲ အမ်းမြို့နယ်အတွင်း သုသာန် လေးခုတွင် ပြုလုပ်
Published 26 April 2018

တောင်သူများက သုသာန်နေရာ လေးခုတွင် ကျိန်စာတိုက်ပွဲကို ဧပြီ ၂၅ ရက် ပြုလုပ်နေစဉ်

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ပိုက်လိုင်းများ ဖြတ်သန်းမှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော လယ်မြေနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC နှင့် MOGE တို့အား တောင်သူများက သုသာန်နေရာ လေးခုတွင် ကျိန်စာတိုက်ပွဲကို ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းက တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သူများ၏ ဆုံးရှုံး နစ်နာမှုများနှင့် ဥပဒေနှင့်အညီ လျော်ကြေးငွေများ၊ နစ်နာကြေးများ ပေးအပ်ရန် ဥပဒေနှင့်အညီ တောင်းခံခြင်းအပေါ် လာရောက် ဆွေးနွေးခြင်း မရှိသည့်အတွက် ထိုသို့ပြုလုပ်ရခြင်း ဖြစ်ကာ ဒေသခံများအပေါ် ဖိနှိပ်ခြင်းများသာ ဖြစ်သည့်အတွက် စိတ်မကောင်းကြီးစွာဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းနှင့် ပတ်သက်ပြီး အမ်းဒေသခံ ကိုမျိုးလွင်က “ကျွန်တော်တို့ အစောပိုင်းက ဆန္ဒပြခဲ့တယ်။ တောင်းဆိုစရာ ရှိတာကို CNPC နဲ့ MOGE တို့ကို တောင်သူတွေ အနေနဲ့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဥပဒေဘောင်ထဲက တောင်းဆိုခဲ့ပေမယ့် သူတို့ဘက်က မလိုက်နာခဲ့ဘူး။ ဒါပေမဲ့ သူတို့ဘက်က အရေးတယူ လုပ်ဆောင်တာ ဘာမှမရှိဘူး။ ပူးပေါင်း ဆောင်ရွက်ချက်တွေလည်း မရှိခဲ့ဘူး။ ဒါကြောင့် CNPC နဲ့ MOGE တို့ဟာ သေဆုံးသွားပြီလို့ ဆုံးဖြတ်တယ်။ နောက်ပြီး ဒါဟာ ကိုယ့်ပြည်မှာနေပြီး တိုင်းတစ်ပါးက လာရောက်သူတွေဆီမှာ မတရား အနိုင်ကျင့်ခံနေရတဲ့ တောင်သူတွေရဲ့ဘဝဟာ သနားဖို့ ကောင်းပါတယ်။ ဥပဒေနဲ့ညီတဲ့ နစ်နာကြေးတွေကို မပေးတဲ့အတွက် တောင်သူတွေအနေနဲ့ အခုလိုမျိုး ကြီးမားတဲ့ ကျိန်စာတိုက်ခြင်းမျိုးနဲ့ ကျိန်စာတိုက်တာ ဖြစ်ပါတယ်။ ခမောင်းချောင်း၊ သံဖုရာ၊ မျောက်ကိုက်၊ ဆင်ခုံတိုင် အစရှိတဲ့ သုဿန်နေရာ လေးခုမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျိန်စာတိုက်ခဲ့တာ ဖြစ်ပါတယ်၊ CNPC နဲ့ MOGE တို့ဟာ ၂၀၁၁ မှာ မွေးပြီး ၂၀၁၈ မှာ သေဆုံးတယ် ဆိုတာကို မှတ်တိုင် စိုက်ထူတယ်။ ကျိန်စာတိုက်တယ်။ ဒီကျိန်စာဟာ သူတို့ဘက်က ဘာမှတုံ့ပြန်မှု မရှိရင် စူးမှာပါ။ သူတို့ လိုက်လျောပေးမှ အမျှဝေမယ်။ သူတို့ခံရမယ့် ကျိန်စာက လွတ်မြောက်မှာ ဖြစ်တယ်”ဟု ပြောကြားသည်။

အဆိုပါ ကျိန်စာတွင် အရှေ့တောင်အာရှ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် တာဝန်ယူ ဦးဆောင် လုပ်ကိုင်ခဲ့ကြသော CNPC နှင့် MOGE တို့သည် အမ်းဒေသပိုင်း တစ်လျှောက်၌ မတရားမှုများကို စာနာမှုကင်းမဲ့စွာ ပြုလုပ် ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ကြောင်း၊ ဤကဲ့သို့ အနိုင်ကျင့်မှု၊ မတရားမှုများ၊ မကောင်းမှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြသော CNPC နှင့် MOGE တို့၏ အပေါင်းပါတို့သည် ဧပြီ ၂၇ ရက်တွင် ကျိန်စာသင့်၍ အသေဆိုးနှင့် သေဆုံးကြပြီး ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်နှင့်တကွ အမ်းဒေသ ပိုက်လိုင်းတစ်လျှောက်ရှိ တောင်သူများအပေါ် သင်တို့ CNPC နှင့် MOGE အပေါင်းပါများက အနိုင်ကျင့်ရန် မလိုအပ်တော့ပေ။ CNPC နှင့် MOGE နှင့် အပေါင်းအပါတို့သည် ဒီနေ့ ဒီရက် ဒီအချိန်တွင် ကျွန်ုပ်တို့ အမ်းဒေသအတွင်း၌ သင့်တို့၏ အနိုင်ကျင့် မတရားမှုများနှင့် သင်တို့၏ အကျိုးစီးပွားများသည် သင်တို့နှင့်အတူ သေကျေ ပျက်စီးကြပြီဖြစ်သဖြင့် ဒီနေ့ ဒီရက် ဒီအချိန်မှစ၍ သင်တို့ CNPC နှင့်MOGE အပေါင်းပါတို့သည် အမ်းဒေသတွင် ဆက်လက် အနိုင်ကျင့်ရန်နှင့် မတရားမှုများ ပြုလုပ်ရန် မလိုအပ်တော့ပေ။ အမ်းဒေသ ပိုက်လိုင်းတစ်လျှောက် ဒေသခံ တောင်သူများထံ ကျေးကျွန်ပြုလုပ်၍ သံသရာကြွေးဆပ်ရန် အမ်းပိုက်လိုင်း တစ်လျှောက်ရှိ တောင်သူများကိုယ်စား ကျိန်စာဆို၍ သင်တို့ ဖျက်ဆီးခဲ့သော အမ်းမြို့နယ် ပိုက်လိုင်းတစ်လျှောက်ရှိ သုသာန်မြေတွင် သြင်္ဂိုဟ်လိုက်သည်။ ဒီနေ့မှစ၍ သံသရာ အဆက်ဆက် မကျွတ်မလွတ်ဘဲ ဒုက္ခအမျိုးမျိုး ခံစားကြရပါစေ၊ ပိုက်လိုင်းမြေအား ဝန်ထုပ်ဝန်ပိုးအဖြစ် ထမ်းထားရပါစေ အစရှိသော ကျိန်စာများကိုလည်း ရွတ်ဖတ်ခဲ့ပြီး ရွတ်ဖတ်ပြီးလျှင် မှတ်တိုင် စိုက်ထူထားခဲ့ကြောင်း သိရသည်။

“လုပ်တဲ့ ပုံစံကတော့ CNPC နှင့် MOGE တို့ဟာ သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ သူတို့ သေဆုံးပြီး ဖြစ်တယ်ဆိုတာကို မှတ်တိုင် စိုက်ထူပြီးထားမယ်။ ကျိန်စာတွေကိုလည်း တစ်ပြိုင်တည်းဆိုပြီး တိုက်မယ်။ တောင်သူတွေဘက်က လုပ်နိုင်တာ ဒါပဲ ရှိတယ်လေ။ ဥပဒေဘောင်ထဲက လုပ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရာနှင့်ချီသော တောင်သူများ၏ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ ပိုက်လိုင်းကြောင့် ဆုံးရှုံးပျက်စီးမှု ရှိခဲ့သော်လည်း ဒေသခံများ ကျေနပ်သည့် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မျောက်ကိုက်သုသာန် ပျက်စီးသွားသည့်အတွက် စိတ်ထဲတွင် မကျေမနပ်ဖြစ်မိကြောင်းနှင့် ယင်းအပေါ် ကျိန်စာတိုက်ရန် စိတ်ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း မျောက်ကိုက်ကျေးရွာမှ ဦးသာကျော်က”ကျွန်တော်တို့ သုသာန်တွေ ပါသွားတယ်။ အဲဒီအတွက် မကျေနပ်ဘူး။ ဥပဒေအတိုင်း တောင်းဆိုပေမယ့် သူတို့ဘက်က ဘာမှမပြောဘူး။ လျော်ကြေးပေးဖို့လည်း မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ သုဿန်မြေကို အဲဒီလိုမလုပ်ရဘူး။ လွတ်လပ်စွာ သြင်္ဂိုဟ်လို့ရဖို့ လိုတယ်။ နောက်ပြီး တောင်သူတွေ အများကြီးမှာလည်း လယ်ယာမြေတွေ၊ ကိုင်းမြေတွေ၊ ဥယျာဉ်ခြံမြေတွေ ပါသွားတယ်။ ဒါကြောင့် ကျိန်စာတိုက်တာပါ၊ ဒီဘက်မှာတော့ အင်အား တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်”ဟုပြောကြားသည်။

နေရာ လေးနေရာတွင် တက်ရောက် ကျိန်စာတိုက်ခဲ့သူ လယ်သမား တစ်ထောင်ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent