ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား ခြောက်သောင်းခန့်၏ အလုပ်ရှင်များအား အရေးယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား ခြောက်သောင်းခန့်၏ အလုပ်ရှင်များအား အရေးယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်
Published 25 April 2018

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား ခြောက်သောင်းခန့်၏ အလုပ်ရှင်များအား တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ဧပြီ၂၃ ရက်တွင် မြန်မာသံအရာရှိရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရန် နောက်ဆုံးရက်ဖြစ်သာ မတ် ၃၁ ရက် ညသန်းခေါင် အချိန်အထိ အဆိုပါ ရွှေ့ပြောင်းလုပ်သား ခြောက်သောင်းခန့်သည် စာရွက်စာတမ်းမရှိ၍ မှတ်ပုံတင်မရခဲ့ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ထားသည့်ရက် ကုန်ဆုံးပြီးနောက် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမား တစ်သိန်းသုံးသောင်းကျော်သည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ရန် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလုပ်သမား သံအရာရှိရုံး၏ သတင်းဖော်ပြချက်အရ ရွှေ့ပြောင်းလုပ်သား ကိုးသိန်းခြောက်သောင်းကျော်သည် မှတ်ပုံတင်လုပ်ငန်းများ အပြည့်အ၀ ပြီးဆုံးခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းလုပ်သား တစ်သိန်းနှစ်သောင်းကျော်သည် မှတ်ပုံတင်လုပ်ငန်း တစ်စိတ်တစ်ပိုင်းသာ ပြီးစီးခဲ့သည့်အတွက် ၎င်းတို့အား အပြည့်အ၀ မှတ်ပုံတင်ခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အွန်လိုင်းမှ မှတ်ပုံတင်ခဲ့သည့် အလုပ်သမား တစ်သောင်းကိုးထောင်ခန့်ရှိပြီး လုပ်ငန်းစဉ်အားလုံး အချိန်မီ မပြီးဆုံးသေးသည့်အတွက် ထိုင်းအာဏာပိုင်များက ကျန်လုပ်ငန်းများ ဆက်လက်ပြီးစီးရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ဥပဒေသစ်အရ အလုပ်ရှင်များသည် တရားမဝင် အလုပ်သမား တစ်ဦးစီအတွက် ဒဏ်ငွေအဖြစ် ဘတ်လေးသိန်းမှ ရှစ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် ထောင်ဒဏ်ငါးနှစ် ကျခံရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေအား လျော့ပေါ့ပြစ်ဒဏ်များဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း သက်ဝင်မှု မရှိသေးကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။