ရန်ကုန်တိုင်းဒေသကြီး ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကြောင့် မြို့နယ်အချို့တွင် မီးခိုးငွေ့များ ပျံ့နှံ့

ရန်ကုန်တိုင်းဒေသကြီး ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကြောင့် မြို့နယ်အချို့တွင် မီးခိုးငွေ့များ ပျံ့နှံ့
Published 23 April 2018

ရန်ကုန်တိုင်းဒေသကြီး ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကြောင့် မြို့နယ်အချို့တွင် မီးခိုးငွေ့များ ပျံ့နှံ့လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိသော အဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှစတင်၍ မီးလောင်မှုဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဦးဖြင့် ကြိုးစားငြှိမ်းသတ်လျက်ရှိပြီး လက်ရှိအချိန်အထိ ဧရိယာစတုရန်းဧက ၁၀၀ခန့် မီးလောင်နေခြင်းကြောင့် မီးခိုးများ အဆမတန်ထွက်ရှိနေကြောင်း သိရသည်။

" အပူချိန်က များတော့ အမှိုက်တွေက လောင်တာ။ အခုထိငြှိမ်းနေသေးတယ်။ မီးတောက်က မများဘူး။ မီးခိုးတွေက အူပြီးထွက်နေတာ။ လက်ရှိကတော့ စည်ပင်တွေနဲ့ မီးသတ်တွေ ပေါင်းပြီးငြှိမ်းနေတာကိုတော့ တွေ့တယ်။ မီးသတ်ကတော့ ပိုများတယ်" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါမီးခိုးများကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့် မရှိစေရန်အသိပေးကြေညာအပ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။