မြို့နယ်၊ ခရိုင်အဆင့် ပြည်သူ့ဆေးရုံများ၏ လွှဲပြောင်းစာပါရှိမှသာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ခံကုသပေးရန် စီစဉ်နေ

မြို့နယ်၊ ခရိုင်အဆင့် ပြည်သူ့ဆေးရုံများ၏ လွှဲပြောင်းစာပါရှိမှသာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ခံကုသပေးရန် စီစဉ်နေ
Published 23 April 2018

မြို့နယ်၊ ခရိုင်အဆင့် ပြည်သူ့ဆေးရုံများ၏ လွှဲပြောင်းစာပါရှိမှသာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ခံကုသပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ နေ့စဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသည့် အတွင်းအပြင် လူနာဦးရေမှာ များပြားပြီး အချို့လူနာများမှာ ပြည်နယ်မြို့နယ် ခရိုင်အဆင့်ဆေးရုံများတွင်ပင် ကုသ၍ရသော ရောဂါများကိုပင် အချိန်ကုန်လူပင်ပန်း လာရောက်ပြသမှုများပင် ရှိနေခြင်းကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေကို အဆင့်မြှင့်တင်တာတွေ၊ စက်ပစ္စည်းဖြည့်တင်းတာ ဖွဲ့စည်းပုံချဲ့တာတွေအားလုံး လုပ်နေပါတယ်။ တိုင်းအဆင့် ဆေးရုံတွေမှမဟုတ်ပါဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့်ဆေးရုံတွေမှာလည်း လူနာတွေကို ကုသနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ တချို့ရောဂါတွေက ဆေးရုံကြီးကို တိုက်ရိုက်လာဖို့ မလိုသေးပါဘူး။ ဒါပေမဲ့ လူနာတွေက ဆေးရုံကြီးပဲလွှဲမှာပဲဆိုပြီး တစ်ခါတည်း တန်းလာတာမျိုးတွေ ရှိလာတယ်။ အဓိက,က လူနာလွှဲပြောင်း ကုသတဲ့စနစ်ကို ဒီထက်ပိုကောင်းအောင်၊ လူနာတွေ သက်သာအောင် အဆင်ပြေအောင်လုပ်မယ့် သဘောပါ။ အခုချက်ချင်းတော့ မလုပ်သေးပါဘူး။ မကြာမီလုပ်ဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောကြားသည်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက လူနာများသာမက အခြားပြည်နယ်နှင့် တိုင်းအသီးသီးက လူနာများပါ လာရောက်ကုသလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံ ၁၄ ရုံ၊ သင်ကြားရေးဆေးရုံ သုံးရုံ၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံနှစ်ရုံ၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံလေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ ခုတင် ၅၀ ဆံ့ ဆေးရုံ ၁၁ ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံ စုစုပေါင်းဆေးရုံ ၈၃ ရုံရှိကြောင်း သိရသည်။