အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် ဒုရဲမှူးမိုးရန်နိုင်၏မိသားစု သတင်းစာရှင်းလင်း

အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် ဒုရဲမှူးမိုးရန်နိုင်၏မိသားစု သတင်းစာရှင်းလင်း
Published 23 April 2018

သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုကို တွေ့ရစဉ်

အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန်အတွက် ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မီဒီယာစင်တာ (မန္တလေး) တွင် ဧပြီ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အမှန်တရားဘက်မှာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရပ်တည်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုရခြင်းဖြစ်ပါတယ်။ အမှန်တရားကို အမြန်ဆုံးဖော်ထုတ်ပေးစေလိုသလို ပါဝင်ပတ်သက်သူတွေကိုလည်း အရေးယူစေချင်ပါတယ်။ ကျွန်မယောက်ျား ဒီစာရွက်စာတမ်းတွေကို သတင်းထောက်နှစ်ယောက်ကို ပေးခဲ့တယ် မပေးခဲ့ဘူး။ လုပ်ခဲ့တယ် မလုပ်ခဲ့ဘူးဆိုတာ ရဲမှူးချုပ်တင်ကိုကို အသိဆုံးပါ။ အခု ကျွန်မတို့မိသားစု နေထိုင်ရတာ မလုံခြုံသလို ခံစားနေရပါတယ်” ဟု ဒုရဲမှူးမိုးရန်နိုင်၏ဇနီး ဒေါ်တူးက ပြောကြားသည်။

ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုအတွက် အလှူငွေများကိုလည်း ခင်ပွန်းဖြစ်သူ၏ စိတ်ဆန္ဒကို သိရှိသောကြောင့် ယခုအချိန်ထိ လက်ခံခြင်းမရှိကြောင်း၊ မိမိခင်ပွန်းအတွက် အမှန်တရားပေါ်ပေါက်ပြီး မူရင်းတာဝန် ထမ်းဆောင်ခွင့်ပြန်ရလျှင်လည်း ပြင်ပတွင်သာ လုပ်ကိုင်စားသောက်တော့မည်ဖြစ်ကြောင်း မိသားစုက ရှင်းလင်းခဲ့သည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည့်ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့်မိသားစုမှာ နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဧပြီ ၂၁ ရက်က ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

ထိုသို့ဖယ်ရှားခံခဲ့ရသဖြင့် တက္ကသိုလ်တက်နေသည့် သမီးဖြစ်သူနှင့် အဋ္ဌမတန်းတက်ရောက်မည့် သမီးတို့ကို ခင်ပွန်းဖြစ်သူ၏ ဇာတိမြေသို့ ပြန်လည်ပို့ဆောင်ရန် နေပြည်တော်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မိသားစုဘ၀ မလုံခြုံသကဲ့သို့ ခံစားနေရခြင်း၊ အလှူငွေဒေါ်လာများရခြင်း စသည့်ပြောဆိုဝေဖန် တိုက်ခိုက်မှုများကို ဖြေရှင်းလိုသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ယင်းအပြင် မိမိခင်ပွန်း၏ မျိုးရိုးစဉ်ဆက် ရဲတပ်ဖွဲ့ဝင်များဖြစ်ခဲ့ပြီး သိက္ခာသမာဓိ ရှိသူများဖြစ်သဖြင့် စုံစမ်းနိုင်ကြောင်း စသည်တို့ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် အမှန်တရားဖွင့်ပြောရခြင်းမှာ ရဲတပ်ဖွဲ့ဝင်တွင်လည်း မည်သည့်အဆင့်အတန်းမဆို ဂုဏ်သိက္ခာရှိကြောင်း ဒုရဲမှူးမိုးရန်နိုင်က ဧပြီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြောကြားသည်။

ဒုရဲမှူး မိုးရန်နိုင်၏ဇနီးနှင့်မိသားစု နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးလင်းအောင်က “ရတဖ (၈) မှာ သူတို့လိုင်းခန်းရှိပါတယ်။ ရဲတပ်ဖွဲ့မှာ နေရာပြောင်းရင် ပြောင်းတဲ့နေရာမှာ လိုင်းခန်းရတယ်။ သူ့အစား တခြားပြောင်းလာတဲ့တပ်ဖွဲ့ဝင်တွေရဲ့ နေရေးထိုင်ရေးလည်းရှိလို့။ အမှန်က နဂိုကတည်းက ပြောင်းရမှာပေါ့။ သူ့သားသမီးတွေရဲ့ ပညာရေးအတွက်။ အခုက ကျောင်းပိတ်လို့ ပြောင်းခိုင်းရတာပါ” ဟုပြောကြားသည်။

ထိုသို့ အမှန်တရားကို ဖော်ထုတ်သည်ဟုဆိုကာ ဒုရဲမှူးမိုးရန်နိုင်အား ပြည်သူလူထုက ဝန်းရံထောက်ခံပွဲကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်က ပြည်မြို့ ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်အနီး ပလက်ဖောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒေသခံပြည်သူများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)၊ လူငယ့်ရိပ်မြုံ၊ အဖြူရောင်သွေးပရဟိတ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ခရိုင်)၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်နှင့် တက်ကြွလှုပ်ရှားသူ ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။