သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရန် လုံလောက်သောအချိန်နှင့် အဆင်ပြေမည့် နေရာတစ်ခု စီစဉ်ပေးရန် ယာဉ်ဝယ်ရောင်း အကျိုးဆောင်များက ရန်ကုန်မြို့တော်ဝန်ထံ မေတ္တာရပ်ခံစာ ပေးပို့

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရန် လုံလောက်သောအချိန်နှင့် အဆင်ပြေမည့် နေရာတစ်ခု စီစဉ်ပေးရန် ယာဉ်ဝယ်ရောင်း အကျိုးဆောင်များက ရန်ကုန်မြို့တော်ဝန်ထံ မေတ္တာရပ်ခံစာ ပေးပို့
Published 18 August 2017

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို သြဂုတ် ၁၇ ရက်က တွေ့ရစဉ်

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရန်အတွက် လုံလောက်သောအချိန်နှင့် အဆင်ပြေမည့် နေရာတစ်ခု စီစဉ်ပေးရန် ယာဉ်ဝယ်ရောင်း အကျိုးဆောင်များမှ ရန်ကုန်မြို့တော်ဝန်ထံ သြဂုတ် ၁၇ ရက်တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ဦးတို့က အခုက Short-Notice အပေးခံရတာ၊ မနေ့ ညနေ ၃ နာရီမှာ ဦးတို့ကို မေတ္တာရပ်ခံစာ၊ အမိန့်ရယ်တော့ မဟုတ်ဘူးပေါ့။ ဦးတို့က စည်ပင်သာယာရေးရဲ့ နေရာပံ့ပိုးမူကြောင့် တစ်နိုင်တစ်ပိုင် ယာဉ်ရောင်းဝယ်ကြတာ။ ပြေပြေလည်လည် ဖြစ်စေချင်တာပေါ့။ အသနားခံစာ မြို့တော်ဝန်ဆီ သြဂုတ် ၁၇ ရက်က သွားတင်လိုက်တာ ဖြစ်တယ်။ ဦးတို့က လူမှုရေးအသင်း ထောင်ထားတယ်။ ဦးတို့ အကုန်လုံး ဆွေးနွေးကြတယ်။ Short-Notice ဖြစ်တဲ့အတွက် ပြန်တုံ့ပြန်တဲ့အခါ ရိုင်းစိုင်းသွားလို့ မရဘူး။ တစ်ဖက်ကလည်း နစ်နာသွားလို့ မရဘူး။ သူတို့က ဝန်ထမ်းတွေ၊ ဦးတို့က စီးပွားရေး လုပ်နေတဲ့သူတွေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတော့ ရှိရမှာပေါ့။ ဒီကနေပြီးတော့ အစီးငါးရာ၊ ခြောက်ရာလောက်ရှိတဲ့ ကားတွေ၊ လူနှစ်ရာ၊ သုံးရာလောက်ကို နေရာအတည်တကျ မရှိဘဲနဲ့ သွားလို့မရဘူး။ မြို့တော် စည်ပင်သာယာရေးကော်မတီမှာ နေရာမရှိဘူး။ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းရယ်၊ သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်းရယ်၊ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရယ် သုံးနေရာပဲ ရှိတယ်။ ဒီနေရာကို ဖယ်လိုက်မယ် ဆိုရင် ဒီက အစီးခြောက်ရာလောက်ကို လုံလောက်တဲ့နေရာ ပေးနိုင်မလား၊ တစ်ခါမှ ယာဉ်ရောင်းဝယ်ရေးစခန်း မဖွင့်ဖူးသေးတဲ့ ပေတစ်ရာ ပတ်လည်လောက်ရှိတဲ့ အောင်မင်္ဂလာ အဝေးပြေးကွင်းနားမှာ အဲဒီနေရာက ကားဘယ်နှစ်စင်း ဆံ့မှာလဲ၊ ဒါကြောင့် လုံလောက်တဲ့ နေရာရယ်၊ အချိန်ရယ်ပေးဖို့ မေတ္တာရပ်ခံတာ ဖြစ်တယ်”ဟု ယာဉ်-ဝယ် ရောင်း/အကျိုးဆောင်များ၏ လူမှုရေးအသင်းအဖွဲ့ အတွင်းရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပေးပို့သောစာတွင် သြဂုတ် ၁၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနခွဲတစ်ခုဖြစ်သည့် အခွန်ဌာနမှ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း အဆောက်အအုံကို အန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ယာဉ်ရောင်းဝယ်သူများ အားလုံးကို သြဂုတ် ၁၇ ရက်တွင် ဖယ်ရှားပေးရန် မေတ္တာရပ်ခံစာ ဝေငှခြင်း၊ အသိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မေတ္တာရပ်ခံစာတွင် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၌ နေ့စဉ်ပုံမှန် ယာဉ်အစီးရေ ၆၅၀ နှင့် ၇၀၀ ကြား၊ အလုပ် လုပ်ကိုင်နေသူဦးရေ ၂၅၀ နှင့် ၃၀၀ ကြား ပုံမှန်ရှိနေခြင်းကြောင့် ယခုကဲ့သို့ တိုတောင်းသော အချိန်ကာလ၊ အတည်တကျ မရှိသောနေရာများသို့ ပြောင်းရွှေ့စေခြင်းသည် အဆင်မပြေ ဖြစ်နိုင်ခြင်းကြောင့် သက်ညှာ-အဆင်ပြေစွာ ဆုံးဖြတ်ပေးနိုင်ပါရန် မေတ္တာရပ်ခံကြောင်း မပြောင်းရွှေ့မီ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျွန်တော်တို့အသင်းအဖွဲ့၏ တာဝန်သာဖြစ်ကြောင်း အာမခံသည်ဟု ယာဉ်-ဝယ်ရောင်း/အကျိုးဆောင်များ၏ လူမှုရေးအသင်းအဖွဲ့(ရန်ကုန်) က ဖော်ပြထားသည်။

“သြဂုတ် ၁၆ ရက်က လာကပ်တယ်။ ၁၇ ရက်နေ့ ပြောင်းခိုင်းတယ်ဆိုတော့ အဓိပ္ပာယ်တော့ မရှိဘူး။ ဒါတွေက ကြိုတင်ရှိပြီးတော့ ကားဝယ်ရောင်း လုပ်တဲ့သူတွေကို ခေါ်ပြီးတော့ ဘယ်နေ့ ဘယ်ရက် ပေးတယ်။ ငါတို့ ဘယ်နေ့ ဘယ်ရက် ဘာလုပ်ရမယ် ဆိုတာကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပေးရမှာပေါ့။ အခုဖျက်ဆိုတော့ အဓိပ္ပာယ်မရှိဘူး။ ဟံသာဝတီ ကားဝင်းတို့၊ သံသုမာ ကားဝင်းတို့က သူ့လူနဲ့သူ ပြည့်နေတာ။ ဒီက ကားလေးငါး ရှစ်ရာက ဘယ်လိုလုပ် ပြောင်းရွှေ့မှာလဲ။ ဒါတွေက ကြိုတင်စီစဉ်ရမှာ။ ငါလုပ်တာ ငါပိုင်တယ်ဆိုတဲ့ခေတ် မရှိတော့ဘူး။ အာဏာရှင်စနစ်လည်း မဟုတ်ဘူး။ လူထုရဲ့အသံကြားမှ အလုပ်လုပ်လို့ရမှာ။ ဦးတို့အနေနဲ့ သူများပြောင်းရင် ပြောင်းရမှာပေါ့။ တစ်နေရာကနေ တစ်နေရာပြောင်းဖို့ ဆိုတာကတော့ မလွယ်ဘူး” ဟု ယာဉ်-ဝယ်ရောင်း အကျိုဆောင် ဦးမောင်နုက ဆိုသည်။

 

Most Read

Most Recent