ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုသည့် ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့်မိသားစု နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရ

ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုသည့် ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့်မိသားစု နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရ
Published 22 April 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုသည့် ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့် မိသားစုမှာ နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဧပြီ ၂၁ ရက်တွင် ဖယ်ရှားခံရကြောင်း သိရသည်။

“ကျွန်မ တစ်ညလုံး အိပ်မပျော်ဘူး။ မနက် ၅ နာရီလောက်မှ မှေးခနဲဆိုပြီး ပျော်တယ်။ ခုနစ် နာရီထိုးလောက်ကျ ဖုန်းလာတယ်။ ဒုရဲအုပ် တစ်ယောက်က ဖုန်းဆက်တာ အစ်မ လိုင်းခန်း ဖယ်ပေးရမယ်တဲ့။ ကျွန်တော်တို့ လူကြီးက ချက်ချင်း ဖယ်ပေးရမယ်တဲ့။ အဲဒီလိုပြောတော့ ကျွန်မတအားကို တုန်လှုပ်သွားပြီးတော့ ဘာပြောလို့ပြောရမှန်း မသိဘူး။ ခဏနေပြီးတော့မှ သြော် အင်းအင်း ဖယ်ပေးပါ့မယ်။ ဒီနေ့ မိုးမချုပ်စေရပါဘူးလို့ ပြောလိုက်ပါတယ်”ဟု ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးဖြစ်သူ ဒေါ်တူးက ပြောကြားသည်။

မည်သည့် အတွက်ကြောင့် ဖယ်ရှားခံရခြင်းဖြစ်သည်ကိုမူ ပြောဆိုခြင်းမရှိကြောင်း ဒေါ်တူးက ပြောကြားသည်။

ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးခံရသည့်အချိန် မှ လက်ရှိအချိန်အထိ မိသားစုနှင့် မတွေ့ရသေးကြောင်း၊ လက်ရှိတွင် စိတ်ဖိစီးမှုများ ခံစားနေရပြီး နေထိုင်ရေး အခက်အခဲများ ကြုံတွ့နေရကြောင်း သိရသည်။

“သူဘယ်မှာရှိလဲ ကျွန်မတို့ မသိဘူး။ သူလည်း ကျွန်မတို့ အခြေအနေ ဘယ်လိုလုပ် သိမှာလဲ”ဟု ဒေါ်တူးက ပြောကြားသည်။

“ကျွန်မတို့မှာ သားသမီးသုံးယောက် ရှိပါတယ်။ သမီး အကြီးမကြီးက စီးပွားရေးတက္ကသိုလ် တတိယနှစ်၊ သားလေးက ဒီနှစ် ၁၀ တန်း ဖြေထားပါတယ်။ သမီးငယ်လေးက ဒီနှစ် ခုနစ်တန်း ဖြေထားတယ်။ ကလေးတွေ သုံးယောက်နဲ့ ဘယ်လိုရှေ့ဆက်ရမယ် ဆိုတာ ကျွန်မစဉ်းလည်း မစဉ်းစားရဲသေးဘူး။ စဉ်းလည်း မစဉ်းစားသေးဘူး”ဟု လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ၎င်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး အနေဖြင့် ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးဖြစ်သူ ဒေါ်တူးက တောင်းဆိုခဲ့သည်။

“သမ္မတကြီးကို ကျွန်မကတော့ ပြောချင်တယ်။ အမှန်အတိုင်းပဲ ဖြစ်ပါစေ။ အမှန်တရားကို ပေါ်ပေါက်အောင် လုပ်ပေးပါလို့။ ကျွန်မတို့ မိသားစုကို ငဲ့ညှာသောအားဖြင့် အမှန်တရားပဲ ပေါ်ပါစေ။ ကျွန်မတို့ ရာထူးတွေလည်း မမျှော်ကိုးတော့ပါဘူး။ ကျွန်မ ယောကျ်ား ထောင်မကျရင် တော်ပြီ။ ရာထူးလည်း ပြန်မလိုချင်ဘူး။ ဒီတပ်ဖွဲ့ထဲမှာလည်း ကျွန်မတို့ မနေတော့ဘူး။ ကျွန်မတို့ ဘာအလုပ်ပဲ လုပ်စားရလုပ်စားရ အပြင်မှာပဲ ကျွန်မတို့ နေပါတော့မယ်။ ထောင်မကျရင် တော်ပါပြီ”ဟု ဒေါ်တူးက ပြောကြားသည်။

ဒေါ်တူးအနေဖြင့် လက်ရှိတွင် နေပြည်တော်ရှိ ဆွေမျိုးတစ်ဦး၏ နေအိမ်တွင် ခေတ္တနေထိုင်လျက် ရှိကြောင်း၊ မည်သည့်နေရာကို ပြောင်းရွှေ့နေထိုင်ရမည်ကို မစဉ်းစားရသေးကြောင်း၊ ဒုရဲမှူး မိုးရန်နိုင်အား လာမည့်ရုံးချိန်းတွင် သွားရောက် တွေ့ဆုံမည် ဖြစ်သည်။

နေပြည်တော် တိုင်းရဲတပ်ဖွဲ့ ဒုတိယ တိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလင်းအောင်က “ရတဖ (၈) မှာ သူတို့ လိုင်းခန်း ရှိပါတယ်။ ရဲတပ်ဖွဲ့မှာ နေရာပြောင်းရင် ပြောင်းတဲ့နေရာမှာ လိုင်းခန်းရတယ်။ သူ့အစား တခြားပြောင်းလာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေရေးထိုင်ရေးလည်း ရှိလို့။ အမှန်က နဂိုကတည်းက ပြောင်းရမှာပေါ့။ သူ့သားသမီးတွေရဲ့ ပညာရေးအတွက်။ အခုက ကျောင်းပိတ်လို့ ပြောင်းခိုင်းရတာပါ”ဟု ပြောကြားသည်။