ယခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး ခရိုင်သုံးခုတွင် မှုခင်းဖြစ်ပွားမှုပေါင်း ၃၅ မှုရှိခဲ့သော်လည်း သြင်္ကန်နှင့်ပတ်သက်သော မှုခင်းဖြစ်ပွားမှုမှာ ယခင်နှစ်ထက်လျော့ကျခဲ့

ယခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး ခရိုင်သုံးခုတွင် မှုခင်းဖြစ်ပွားမှုပေါင်း ၃၅ မှုရှိခဲ့သော်လည်း သြင်္ကန်နှင့်ပတ်သက်သော မှုခင်းဖြစ်ပွားမှုမှာ ယခင်နှစ်ထက်လျော့ကျခဲ့
Published 22 April 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခု၌ ယခုနှစ်မဟာသြင်္ကန် ပွဲတော်ကာလတွင် မှုခင်းဖြစ်ပွားမှုပေါင်း ၃၅ မှုရှိခဲ့သော်လည်း သြင်္ကန်နှင့်ပတ်သက်သော မှုခင်းဖြစ်ပွားမှုမှာ ယခင်နှစ်ထက် လျော့ကျလာခဲ့ကြောင်း သိရသည်။

သြင်္ကန်အကြိုနေဖြစ်သည့် ဧပြီ ၁၃ ရက်မှ သြင်္ကန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်အထိ လေးရက်အတွင်း မှုခင်း ၃၅ မှု ဖြစ်ပွားခဲ့သည့်အနက် သြင်္ကန်နှင့်ပတ်သက်သော အမှုငါးမှုသာပါဝင်ခဲ့ပြီး ယာဉ်တိုက်မှုတစ်မှုမှ ဒဏ်ရာရသူတစ်ဦး၊ နာကျင်မှုနှစ်မှုမှ ဒဏ်ရာရသူသုံးဦး၊ အခြားမှုတစ်မှုနှင့် လူသတ်မှုတစ်မှုမှ သေဆုံးသူတစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ဒဏ်ရာရရှိသူလေးဦးနှင့် သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း၊ သြင်္ကန်နှင့်မပတ်သက်သောအမှု ၃၀ မှု၌ ယာဉ်တိုက်မှု ၁၀ မှုတွင် ဒဏ်ရာရသူ ၁၉ ဦးနှင့် သေဆုံးသူ သုံးဦး၊ နာကျင်စေမှု လေးမှုတွင် ဒဏ်ရာရသူ သုံးဦး၊ အခြားမှုခြောက်မှုတွင် သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူတစ်ဦး၊ လက်နက်မှုလေးမှု၊ သေမှုသေခင်းငါးမှုမှ ငါးဦးနှင့် ခိုးမှုတစ်မှုတို့ဖြစ်ပြီး စုစုပေါင်းဒဏ်ရာရရှိသူ ၂၃ ဦးနှင့် သေဆုံးသူ ကိုးဦးဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

“ဒီနှစ်သြင်္ကန်ကာလဖြစ်တဲ့ ၁၃ ရက်နေ့ကနေ ၁၆ ရက်အထိ သြင်္ကန်နဲ့ဆိုင်တာ ငါးမှု၊ သြင်္ကန်နဲ့မဆိုင်တဲ့အမှု ၃၀၊ အားလုံးပေါင်း ၃၅ မှုဖြစ်တယ်။ ၁၀ ယောက်သေတယ်။ ၂၇ ယောက် ဒဏ်ရာရတယ်။ အဓိက,က ရန်ဖြစ်တာကြောင့် များလာတာ။ မုဒိမ်းမှုလည်း မဖြစ်ဘူး။ ယာဉ်တိုက်မှုလည်း နည်းတယ်။ ဒီနှစ်က ရန်ဖြစ်တာလေးရှိပေမဲ့လည်း မျက်နှာဖုံးစွပ်တာတွေ ဖမ်းတာရှိသလို မူးယစ်ဆေးဝါးတွေကိုလည်း သြင်္ကန်မတိုင်ခင် ခရိုင်သုံးခုစလုံးမှာ ဖမ်းဆီးတာတွေ ရှိတာပေါ့နော်။ ပိတ်ဆို့စစ်တာကတော့ မနှစ်က အတိုင်းပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ နှစ်လလောက်အချိန်ယူပြီး လုပ်လိုက်တော့ ထိန်းပြီးသားဖြစ်သွားတယ်။ သွားတဲ့လာတဲ့အပိုင်းတွေမှာ ဆိုင်ကယ်တွေ ဘာတွေပေါ့။ ကိုးရိုးကားရားလုပ်ပြီးစီးတဲ့ဟာ သြင်္ကန်အတွင်းမှာ အတော်နည်းသွားတယ်။ အဓိက,ကတော့ ယာဉ်နဲ့ပတ်သက်တဲ့ဖြစ်စဉ် နည်းသွားတယ်။ ရန်ဖြစ်တဲ့ဖြစ်စဉ်ကလည်း ဒီလောက်ကြီးမများဘူးပေါ့နော်။ ကြိုကာအနေနဲ့ ကြိုလုပ်လိုက်တဲ့ အရှိန်လေးတွေက သွားပြီးသက်ရောက်မှုရှိတယ်။ ပြီးတော့ ထားဝယ်လူမျိုးတွေကလည်း ဒေါသအလျောက် ပြောကြတာပဲရှိတယ်။ သွေးသိပ်မဆူဘူးပေါ့နော်။ အေးအေးဆေးဆေးသမားတွေ များတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ယခုနှစ် မဟာသြင်္ကၤန်ကာလအတွင်း၌ တနင်္သာရီတိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့အင်အား ၅၀၀ ကျော်ခန့်ဖြင့် မြို့နယ် ၁၀ ခုစလုံးတွင် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊ မြို့အဝင်အထွက် ဂိတ်များ၌ ဆိုင်ကယ်နှင့် ကားကို သြင်္ကန်လုံခြုံရေးအနေဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေရာတွင် ဝက်အူလှည့် ၁၄၇ ခု၊ ဓား ၁၀ ချောင်း၊ ကတ်ကြေး ၂၁ လက်၊ သံပိုက်ခြောက်လုံး၊ လေးခွရှစ်လက်၊ မျက်နှာဖုံး ၈၆ ခုနှင့် တံစဉ်၊ ချိန်းကြိုး၊ သံလက်သီး စသော လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအခမဲ့အရေးပေါ် လူနာသယ်ယူရေးအဖွဲ့၏ စာရင်းများအရ ထားဝယ်သြင်္ကန်ရက်ဖြစ်သည့် ဧပြီ ၁၁ ရက် (ကလေးသြင်္ကန်) မှ ဧပြီ ၁၇ ရက် (နှစ်ဆန်း တစ်ရက်နေ့) အထိ ခုနစ်ရက်အတွင်း ဒဏ်ရာရရှိသည့်လူနာ ၄၅ ဦးအား အရေးပေါ်ကယ်ဆယ်၍ ဆေးရုံသို့တင်ပို့ပေးခဲ့ရပြီး ယခင်နှစ်ကထက် များပြားခဲ့ကာ ခရိုင်အတွင်းရှိ အခြားအရေးပေါ် လူနာတင်ယာဉ်အသင်းများမှ ပို့ဆောင်ပေးရမှုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက ယခုထက်ပိုမိုများပြားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယခုနှစ်တွင် သြင်္ကန်လုံခြုံရေးအဖြစ် တိုင်းဒေသကြီးအတွက် ရဲတပ်ဖွဲ့အင်အား ၅၀၀ ကျော်ဖြင့် ယခင်နှစ်ကဲ့သို့မြို့အဝင်အထွက်ဂိတ်များနှင့် အဓိကနေရာတို့တွင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ပြီး လူစည်ကားသည့်နေရာများတွင် လုံခြုံရေးပိုမိုချထားခဲ့ကြောင်းကြောင်း သိရသည်။

Most Read

Most Recent