အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရန် ညှိနှိုင်းထားမှုမှာ လက်ရှိအချိန်အထိ အဖြေမသိရသေးသဖြင့် အိန္ဒိယသံရုံးမှတစ်ဆင့် တရားဝင်အကြောင်းကြားစာပေးပို့ပြီး ထပ်မံညှိနှိုင်းရန် ပြင်ဆင်လျက်ရှိ

အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရန် ညှိနှိုင်းထားမှုမှာ လက်ရှိအချိန်အထိ အဖြေမသိရသေးသဖြင့် အိန္ဒိယသံရုံးမှတစ်ဆင့် တရားဝင်အကြောင်းကြားစာပေးပို့ပြီး ထပ်မံညှိနှိုင်းရန် ပြင်ဆင်လျက်ရှိ
Published 22 April 2018

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ပဲစိုက်ခင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့နိုင်ရန်အတွက် ညှိနှိုင်းထားမှုမှာ လက်ရှိအချိန်အထိ အဖြေမသိရသေးသဖြင့် အိန္ဒိယသံရုံးမှတစ်ဆင့် တရားဝင်အကြောင်းကြားစာပေးပို့ကာ ထပ်မံညှိနှိုင်းရန် ပြင်ဆင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ပြီးခဲ့တဲ့လထဲမှာလည်း ပဲတင်ပို့တာနဲ့ ပတ်သက်ပြီးတော့ အတွင်းဝန်ဦးစီးတဲ့အဖွဲ့ပေါ့။ ပဲညှိနှိုင်းရေးကော်မတီမှာ အတွင်းဝန်ကို ဥက္ကဋ္ဌအနေနဲ့ ပေးထားတယ်။ သူတို့အဖွဲ့ ဟိုဘက်ကိုသွားပြီး ညှိနေတယ်။ အဖြေတော့ မရသေးဘူး။ ဒီဘက်ကလည်း ပြီးခဲ့တဲ့ရက်တွေမှာ အိန္ဒိယသံရုံးကို စာပို့ပြီး တရားဝင်ထပ်ညှိဖို့ လုပ်နေတယ်။ အိန္ဒိယသံရုံးကို စာပို့ပြီး တရားဝင်ညှိဖို့ လုပ်နေတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံမှာ စိုက်ပျိုးစရိတ် မကာမိအောင် ဈေးနှုန်းကျဆင်းလျက်ရှိပြီး လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုပေါ်လစီကို မသိရှိရသေးခြင်းကြောင့် အခြားလက်ခံဝယ်ယူနိုင်မည့် ပြည်ပနိုင်ငံများသို့ ဈေးကွက်ရှာဖွေ၍ဖြစ်စေ လက်ရှိပဲဈေးကို ထိုက်သင့်သော ဈေးနှုန်းရရှိစေရေး အစိုးရမှစီမံဆောင်ရွက်ပေးရန် ဒုတိယသမ္မတ (၁) နှင့် လုပ်ငန်းရှင်များ ၁၆ ကြိမ်မြောက်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က တင်ပြခဲ့သည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံတို့အား တင်သွင်းရန် တန်ချိန်ကန့်သတ်ခဲ့ပြီးနောက် ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံတို့မှာ စိုက်ပျိုးစရိတ်ပင် မကာမိအောင် ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် စိုက်ပျိုးသည့်တောင်သူများ ထိခိုက်နစ်နာသဖြင့် နောင်စိုက်ပျိုးရေးရာသီတွင် အဆိုပါပဲများကို ဆက်လက်စိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။

ပဲစိုက်တောင်သူများအနေဖြင့် ပဲဈေးကျဆင်းမှုကြောင့် လာမည့်နှစ်များတွင် မည်သည့်သီးနှံစိုက်ပျိုးရမည်ကို သီးနှံရွေးချယ်နိုင်ရန် လိုအပ်နေသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများဖြင့် တောင်သူများကို အမြန်ဆုံးထိထိရောက်ရောက် ပညာပေးညွှန်ကြားမှုပြုပေးပါရန်လည်း တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ပေါ်လစီကို ယခုအချိန်အထိ မသိရှိရသေးခြင်းကြောင့် လက်ရှိထွက်ပေါ်နေသော မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံတင်မဟုတ်ဘဲ အခြားလက်ခံဝယ်ယူနိုင်မည့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှ ဈေးကွက်ရှာဖွေပေး၍ စီမံဆောင်ရွက်ပေးရန်၊ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံ မတင်ပို့နိုင်ပါက ပဲဈေးကျဆင်းမှုကြောင့် စိုက်ပျိုးသည့်တောင်သူများ ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်နေသဖြင့် လက်ရှိပဲဈေးကို ထိုက်သင့်သော ဈေးနှုန်းရရှိစေရန် အစိုးရမှ စီမံဆောင်ရွက်ပေးရန်လည်း ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က တင်ပြခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

Most Read

Most Recent