ကချင်ပြည်နယ် တနိုင်းဒေသတွင် တိုက်ပွဲရှောင်နေသူများကို ကြက်ခြေနီအဖွဲ့များ သွားရောက်ကူညီ

ကချင်ပြည်နယ် တနိုင်းဒေသတွင် တိုက်ပွဲရှောင်နေသူများကို ကြက်ခြေနီအဖွဲ့များ သွားရောက်ကူညီ
Published 21 April 2018

ကချင်ပြည်နယ် တနိုင်းဒေသတွင် တိုက်ပွဲရှောင်နေသူများကို ကြက်ခြေနီအဖွဲ့များက ဧပြီ ၂၀ရက်က သွားရောက်ကူညီခဲ့ကြောင်း သတင်းရရှိသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်မဟာ (၂)အခြေစိုက်ရာ အောင်လောဒ်ကျေး ရွာ၊ ဆွတ်ရိန်ယန်ကျေးရွာ၊ ဆွတ်ရာကျေးရွာများတွင် ဧပြီ ဒုတိယအပတ်အတွင်း  တပ်မတော်နှင့် KIA တို့ပြင်းထန်သော ပစ်ခတ်မှုများကြောင့် လူပေါင်း ၂၀၀၀ ခန့် ပိတ်မိနေခဲ့ ခြင်းဖြစ်သည်။

တနိုင်းဒေသတွင် တိုက်ပွဲများကြောင့် ရှောင်တိမ်းနေသူ အောင်လောဒ်ရွာသားများ ပြန်လာရေး တပ်မတော်က တနိုင်းမြို့အတွင်း ဧပြီ ၁၈ ရက်က လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် NDF ပါတီဥက္ကဋ္ဌ ဦးရဲဝင်းက “ကြက်ခြေနီအဖွဲ့တွေ ဘာသာရေးအဖွဲ့တွေကတော့ ဒီနေ့(ဧပြီ ၂၀) မနက် ၁၀ နာရီမှာ ထွက်သွားကြပြီ။ သိရတာက ရွာသားတွေက ရွာမှာမရှိကြဘူး။ တောတောင်ထဲ ပြေးနေကြတာ။ နှစ်ဖက်တပ်တွေကြားမှာ ဘယ်ကိုမှ မသွားရဲတဲ့အခြေအနေဆိုတော့ ရွာကိုကူညီရေးအဖွဲ့တွေ ရောက်တာတောင်မှ အကူအညီတွေ ချက်ချင်းရောက်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေလည်း ကူညီရေးအတွက်လိုက်သွားကြတယ်။ ပြန်မရောက်သေးဘူး။ သေချာတာတော့ လူနာတွေ၊ ဗိုက်ကြီးသည်တွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကတော့ ဒုက္ခရောက်ကြမှာပဲ”ဟု ပြော ကြားသည်။

KIO ဗဟိုဌာနပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “တပ်မဟာ(၂)ဌာနချုပ်ကို တပ်မတော်က ရောက်လာတာက ဧပြီ ၁၇ ရက်လောက်ကပါ။ အဲဒီမတိုင်ခင်ကတည်းက KIA အဖွဲ့တွေက နေရာပြောင်းပြီးဖြစ်ပါ တယ်။ ဌာနချုပ်တည်ခဲ့တာလည်း နှစ်ပေါင်းဆယ်ချီနေပါပြီ။ အခုလိုဖြစ်တာကတော့ တပ်မတော်ဘက်က ငြိမ်းချမ်းရေးထက် စစ်ရေးကိုအလေးပေးနေတဲ့သဘောကို တွေ့နေ ရပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဖို့ KIO မှာ မူ အမြဲတမ်းရှိနေပေမဲ့ ဘယ်တော့ တွေ့မယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိသေးပါဘူး။ ဒီနေ့မှာလည်း ပစ်ခတ်မှု ဖြစ်နေတယ်ဆိုတဲ့သတင်းတော့ ရထားပါတယ်။ အပြင်သတင်းပါ။ စစ်ရှောင်တွေကလည်း တောတောင်ထဲမှာပဲလို့ သိရတယ်။ တပ်ကပြန်ခေါ်ပေမဲ့ အဲဒီလိုနေရာက ပြည်သူတွေ တပ်နဲ့နီးနဲ့ နေရာမျိုးမှာ ဘယ်သူမှနေချင်မှာ မဟုတ်ပါ ဘူး”ဟု ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ခနွတ်အော့ဒ်စဘီက ဧပြီ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိ ပက္ခများနှင့်ပတ်သက်၍ လွန်စွာ စိုးရိမ်မိကြောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ပြည်သူလူထုများ ထိခိုက်ခံစားရ ခြင်းနှင့် အခြားနေရာများတွင်လည်း ထိခိုက်မှုများစွာရှိနေကြောင်း၊ တနိုင်းမြို့နယ်တွင် ကျေးရွာသုံးရွာမှ လူပေါင်း ၂၀၀၀ ခန့် သွားလာရန်ခက်ခဲသော တောတောင်များတွင် နေထိုင်လျက်ရှိပြီး ထိခိုက်မှုဖြစ်နေသော ဒေသမှ ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါ အရပ်သားများတွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျား နာနေသူများ၊ ဒဏ်ရာရထားသူများ ပါဝင်ကာ လူသားခြင်း စာနာမှုဆိုင်ရာအကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှု အပူတပြင်း လိုအပ်ရှိသည်ဟုသိရကြောင်း၊ ဖားကန့်မြို့နယ် လိုင်နောင်းခူးကျေးရွာတွင်လည်း အရပ်သားများ လုံခြုံဘေးကင်းသော နေရာများသို့ ထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပဋိပက္ခတွင် ပါဝင်နေသူများအနေဖြင့် အရပ်သားများကို ၎င်းတို့ဆန္ဒအတိုင်း ပိုမိုလုံခြုံသောနေရာသို့သွားခွင့်ပေးပါရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအ ညီများပေးအပ်နိုင်ရေးအတွက် ခွင့်ပြုပေးနိုင်ရန်၊ ပဋိပက္ခတွင် ပါဝင်နေသူများအားလုံး အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု သေချာစွာ ဆောင်ရွက်ပေးပါရန်နှင့်  အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာမှုဆိုင်ရာဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တို့ နှစ်သစ်ကူးကာလ (၂၀၁၈ ခုနှစ် ဧပြီ ဒုတိယအပတ်အတွင်း)တွင် ပြင်းထန်သော ပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားသုံးဦးထက် မနည်းသေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် KIO/KIA ပြန်ကြားရေးဌာန ကပြောကြားထားသည်။

တပ်မတော်နှင့် KIA တို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများဆက်တိုက် ဖြစ်ပွားခဲ့သည့်မှာ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဧပြီအထိ ၁၀ လနီးပါးကြာမြင့် ခဲ့ပြီဖြစ်ကာ နှစ်ဖက်ပစ်ခတ်မှုများကြားတွင် ဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်သားများ ထောင်ချီကာ ထွက်ပြေးရခြင်း၊ ရိက္ခာပြတ်လပ်ခြင်း၊ အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများ ရှိနေသည်။

Most Read

Most Recent