တာချီလိတ်တွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး သေနတ်နှင့် ပစ်သတ်ခံရ

တာချီလိတ်တွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး သေနတ်နှင့် ပစ်သတ်ခံရ
Published 19 April 2018

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် တော်ကော့တွင်း သွားပတ်လမ်း အိမ်အမှတ် (မခ -၁/၂၂၁) နေအိမ်ရှိ ကုမ္ပဏီပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဧပြီ ၁၈ ရက် ညနေပိုင်းက သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ တော်ကော့တွင်းသွားပတ်လမ်း၊ အိမ်အမှတ် (မခ - ၁/၂၂၁) တာချီလိတ်မြို့၏ အရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာ နေအိမ်ရှိ ဦးယောဟန် (၃၅) နှစ်၊ လားဟူ/ခရစ်ယာန်၊ နန့်ယွန်း စေတနာ (မဂ္ဂနက်) ကုမ္ပဏီပိုင်ရှင်၊ မိုင်းဖြတ်မြို့နယ်နေထိုင်သူ ပိုင်ဆိုင်သော နေအိမ်ခြံအတွင်း ခြံအဝင်ပေါက် တံခါးမကြီးအနီး၌ ဦးယောဟန်အား ပက်လက် အနေအထားဖြင့် ဝဲဘက်ရင်အုံပေါ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်၊ မေးစေ့ယာဘက် ကျည်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲလက်ပြင်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး သေဆုံးနေသူ အနီးတွင် (USA-9mm Luger) အမျိုးအစား ကျည်ခွံလေးခုတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ တာချီလိတ်ခရိုင်မှူး၊ မြို့နယ်မှူးနှင့် နယ်မြေမြို့မစခန်းမှူးတို့ သွားရောက်စစ်ဆေးခဲ့သည်။

“တာချီလိတ်မှာ ဒီနေ့ ဧပြီ ၁၈ ရက် ၁၁ နာရီခွဲအချိန် တာချီလိတ်/မယ်ခေါင်ရပ်ကွက် တော်ကော့တွင်းသွားပတ်လမ်း အိမ်အမှတ် (မခ - ၁/၂၂၁) မှာ သေနတ်ပစ်မှု ဖြစ်ပွားတယ်လို့ သတင်းရတာနဲ့ တာချီလိတ်ခရိုင်မှူး၊ မြို့နယ်မှူး၊ စခန်းမှူးတို့သွားရောက် စစ်ဆေးတယ်။ ဦးယောဟန် နန့်ယွန်းစေတနာ (မဂ္ဂနက်) ကုမ္ပဏီပိုင်ရှင် သေနတ်ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာ တွေ့ရတယ်။ သေဆုံးသူ ဦးယောဟန်ကို ရဲဆေးစာနဲ့အတူ ဆေးရုံပို့ထားပြီး အမှုမှန် ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးစိုးထွန်းဝင်းက ပြောကြားသည်။

Most Read

Most Recent