နိုင်ငံတစ်ခု၏ အဆိုးအကောင်းကို ဖန်တီးမည့် ပဲ့ကိုင်ရှင်သည် အစိုးရတစ်ရပ်၊ ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘဲ နိုင်ငံသားများသာလျှင် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

နိုင်ငံတစ်ခု၏ အဆိုးအကောင်းကို ဖန်တီးမည့် ပဲ့ကိုင်ရှင်သည် အစိုးရတစ်ရပ်၊ ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘဲ နိုင်ငံသားများသာလျှင် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 19 April 2018

နိုင်ငံတစ်ခု၏ အဆိုးအကောင်းကို ဖန်တီးမည့် ပဲ့ကိုင်ရှင်သည် အစိုးရတစ်ရပ်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် မဟုတ်ဘဲ မိမိတို့တစ်ဦးချင်း ပါဝင်သည့် နိုင်ငံသားများသာလျှင် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှစ်သစ်ကူး ဆုတောင်းစကားတွင် ထည့်သွင်း ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မြန်မာ့ရိုးရာ နှစ်သစ်ကူး ဆုတောင်းစကားအား Eleven Media နှင့် သီးသန့်တွေ့ဆုံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပျက်နိယာမအရ မရပ်မနား ရွေ့လျားကုန်ဆုံးနေသည့် အချိန်ဆိုသော ကာလယန္တရားကြီး၏ တိုက်စားဝါးမျိုမှုနှင့်အတူ နှစ်သစ်သမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသား အားလုံးအနေဖြင့် နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ကြရသည့် ဆင်းရဲဒုက္ခအပေါင်းက လွတ်မြောက်ပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းပါသည်ဟု ဦးသန်းဌေးက ဦးစွာ ပြောကြားသည်။

“ပုထုဇဉ် လူသာမန်တွေ အများစုဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားဆိုးတွေကသာ ဦးဆောင်နေတာ ဖြစ်တဲ့အတွက် အဆိုးကျော့ သံသရာမှာ ဝဲလည်ပြီး တစ်နေ့တခြား လုံးပါးပါးနေကြတာလည်း တကယ့် ပကတိ အရှိတရား ဖြစ်ပါတယ်။ အဆိုးတွေ ကင်းပျောက်ပြီးတော့ အကောင်းတကာ့ အကောင်းဆုံးတွေကိုပဲ ရရှိ၊ ရောက်ရှိ ခံစားချင်ကြတာလည်း နိုင်ငံသားအားလုံးရဲ့ တူညီတဲ့ ဆန္ဒအမှန်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဘဝအဆိုးအကောင်းကို ဖန်တီးမယ့် ပဲ့ကိုင်ရှင်ဟာ နတ်တွေ၊ သကြားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အလားတူပါပဲ နိုင်ငံတစ်ခုရဲ့ အဆိုးအကောင်းကို ဖန်တီးမယ့် ပဲ့ကိုင်ရှင်ဟာလည်း အစိုးရတစ်ရပ်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးချင်း ကိုယ်တိုင်ပါဝင်တဲ့ နိုင်ငံသားများသာလျှင် ဖြစ်ပါတယ်” ဟု ဦးသန်းဌေးက ပြောကြားသည်။

ထို့အတူ နှစ်သစ်သမယတွင် ကောင်းကျိုးချမ်းသာများ၊ ကောင်းခြင်းမင်္ဂလာများ ပြည့်စုံရန် လောဘမှ ဒါနသံဝိဘာဂသို့ လည်းကောင်း၊ ဒေါသမှ မေတ္တာသို့ လည်းကောင်း၊ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ လည်းကောင်း ကျင့်ကြံနိုင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် ကောင်းသောကူးပြောင်းခြင်း ဖြစ်ပါစေဟု နိုင်ငံသားတစ်ဦးချင်းအား မေတ္တာရည်၍ ဆုတောင်းမေတ္တာ ပို့သအပ်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။