ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူး၍ တောင်ကြီးမြို့တွင်းရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားနှင့် ညောင်ရွှေတွင် ငါးလွှတ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူး၍ တောင်ကြီးမြို့တွင်းရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားနှင့် ညောင်ရွှေတွင် ငါးလွှတ်ပွဲ ကျင်းပ
Published 17 April 2018

ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူး၍ တောင်ကြီးမြို့တွင်းရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားနှင့် ညောင်ရွှေတွင် ငါးလွှတ်ပွဲတို့ကို မဟာသြင်္ကန် နှစ်ဆန်းတစ်ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သော သက်ကြီးပူဇော်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက် နေ့လည်ပိုင်း ၃ နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ တောင်ကြီးမြို့တွင်းရှိ အသက် ၈၅ နှစ် အထက်၊ သက်ကြီးဘိုးဘွား ၃၉၉ ဦး အတွက် အလှူငွေပေါင်း ကျပ် ၁၁၆ သိန်းကျော်ကို စုပေါင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲတွင် ဘိုးဘွားများအတွက် လှူဖွယ်ပစ္စည်းများစာရင်းမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဆိုင်ရာများမှ ၈၅ နှစ်အထက် ဘိုးဘွား ၃၉၉ ဦးအတွက် တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ငွေကျပ် ၇၉ သိန်း ၈ သောင်းကျပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (တိုင်းရင်းဆေးဝါးမျုးိစုံ) ၇ သိန်းကျော်၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မျက်နှာသုတ်ပုဝါ ၁၅၀ ခု၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခြင်ထောင် ၁၄၈ လုံးအတွက် ၁၁ သိန်း ၈ သောင်းကျော်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁၆ သိန်းကျော်တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သည် ညောင်ရွှေမြို့၊ နဒီကန်တွင် ငါးလွှတ်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မနက်ပိုင်းတွင် တောင်လေးလုံး အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော အကျဉ်းသားပေါင်း ၁၅၃ ဦးအတွက် ကမ္ဘောဇဘဏ်မှ တစ်ယောက်လျှင် ၂၂၀၀၀ ကျပ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၅၀၀၀ ကျပ်၊ စုစုပေါင်း တစ်ဦးလျှင် ၂၉၀၀၀ ကျပ်နှုန်းဖြင့် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ သွားရောက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောသည်။