ထားဝယ်သြင်္ကန် အတက်နေ့တွင် ရေပက်ခံကားများဖြင့် လည်ပတ်သူနည်းပါးခဲ့သော်လည်း ရေကစားကြသူများဖြင့် စည်ကား

ထားဝယ်သြင်္ကန် အတက်နေ့တွင် ရေပက်ခံကားများဖြင့် လည်ပတ်သူနည်းပါးခဲ့သော်လည်း ရေကစားကြသူများဖြင့် စည်ကား
Published 17 April 2018

■ ဓာတ်ပုံ - ဖြိုးဇင် (ထားဝယ်)

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့၏ မဟာသြင်္ကန်အတက်နေ့တွင် ရေပက်ခံကားများဖြင့် လည်ပတ်သူနည်ပါးခဲ့သော်လည်း ရေကစားကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ထားဝယ်ဒေသ၌ ကလေးသြင်္ကန်အဖြစ် ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ ရေပက်ကစားခဲ့ကြပြီး သြင်္ကန်အတက်နေ့ဖြစ်သည့် ယနေ့ဧပြီလ ၁၆ ရက်နေ့တွင် ယခင်နေ့များကထက် ရေပက်ခံကားများဖြင့် လည်ပတ်သူအနည်းငယ်နည်းပါးခဲ့သော်လည်း ရေပက်ကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ထို့ပြင် မောင်းမကန်ကမ်းခြေသို့ သွားရောက်သူ များပြားခဲ့သည့်အပြင် ထားဝယ်မြို့၏ အနောက်ဘက် ကမြောကင်းတံတားအနီး တိုင်းဒေသကြီးလွှတ်တော် နံဘေးကွင်းပြင်တွင် ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များစုပေါင်း၍ သြင်္ကန်အကျနေ့မှစတင်ကာ အတက်နေ့အထိ စတုဒိသာကျွေးမွေးခဲ့ပြီး လာရောက်သုံးဆောင်သူများ များပြားခဲ့သည့်အပြင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခုလည်း ထည့်သွင်းထားသောကြောင့် လာရောက်ဆင်နွှဲသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သြင်္ကန်အတက်နေ့ ညနေ ၅ နာရီအချိန်တွင် တနသာၤရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ပြီး သြင်္ကန်ယိမ်းအကပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့၁၅ ဖွဲ့အနက် ပထမဆုရရှိသည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအကအဖွဲ့၊ ဒုတိယဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့ယိမ်းအကအဖွဲ့နှင့် တတိယဆုရရှိသည့် ထားဝယ်တက္ကသိုလ် ယိမ်းအကအဖွဲ့တို့အား ဆုများချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်းကြေညာခဲ့သည်။

ယခုနှစ် ထားဝယ်သြင်္ကန်ပွဲတော်ကို ဗဟိုမဏ္ဍပ်အပါအဝင် အစိုးရဌာနဆိုင်ရာမဏ္ဍပ်ကြီး ၃ ခု၊ တပ်မတော်မိသားစုမဏ္ဍပ် တစ်ခုနှင့် စတုဒီသာမဏ္ဍပ် တစ်ခုတို့ဖြင့် ကျင်းပခဲ့ပြီး သြင်္ကန်ကာလ လုံခြုံရေးအဖြစ် ထားဝယ်မြို့ အဝင်အထွက်ဂိတ်နေရာများတွင် သြင်္ကန်ရေပက်ခံကားများကို ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကာ တုတ်၊ ဓါးလက်နက်များနှင့် မျက်နှာဖုံးစသည်တို့ကို သိမ်းဆည်းခဲ့ပြီး လုံခြုံရေးတင်းကြပ်ခဲ့သည့်အပြင် သြင်္ကန်အကြိုနေ့မှ အကြတ်နေ့အထိ ယာဉ်တိုက်မှု ၈ မှု၊ နာကျင်စေမှု ၄ မှု၊ လက်နက်မှု ၂ မှု၊ အခြားအမှု ၆ မှုနှင့် သေမှုသေခင်း ၅ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့သည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ထို့အပြင် ထားဝယ်ဒေသတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ လာရောက်မှုများပြားခဲ့ပြီး ထားဝယ်ဒေသ၏ နာမည်ကျော် ရှင်ကိုးရှင်ဘုရားများနှင့် မောင်းမကန်ကမ်းခြေသို့ သွားရောက်သူများပြားခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားခဲ့ကာ ယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားခဲ့သည်။ မြန်မာ့ရိုးရာမဟာသြင်္ကန်မှာ သြင်္ကန်အကြိုနေ့မှ အတက်နေ့အထိ ရေပက်ကစားကြလေ့ ရှိသော်လည်း ထားဝယ်ဒေသတွင်မူ နှစ်စဉ်ရိုးရာ တစ်ခုအနေဖြင့် သြင်္ကန်အကြိုနေ့မတိုင်ခင် နှစ်ရက်အလိုမှ စတင်ကာ ကလေးသြင်္ကန်အဖြစ် စတင်ရေပက်ကစားကြပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်ကစားကြလေ့ရှိသည်။