တောင်ငူမြို့တွင် မဟာသြင်္ကန် အတက်နေ့၌ စတုဒိသာကျွေးမွေးသူ များပြားခဲ့ပြီး ထမင်းစတုဒိသာ ကျွေးမွေးကြသူ ပိုများခဲ့

တောင်ငူမြို့တွင် မဟာသြင်္ကန် အတက်နေ့၌ စတုဒိသာကျွေးမွေးသူ များပြားခဲ့ပြီး ထမင်းစတုဒိသာ ကျွေးမွေးကြသူ ပိုများခဲ့
Published 16 April 2018

 

၁၃၇၉ ခုနှစ် မဟာသြင်္ကန်အတက်နေ့ (ဧပြီ ၁၆ ရက်) နံနက်ပိုင်းက တောင်ငူမြို့၌ ရေကစားမဏ္ဍပ်များတွင် စတုဒိသာ ကျွေးမွေးမှုများပြားခဲ့ပြီး ထမင်းစတုဒိသာကျွေးမွေးကြသူ ပိုများခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ငူမြို့၌ ရပ်ကွက်အလိုက် စုပေါင်းကျွေးမွေး လှူဒါန်းခြင်း၊ မိသားစုတစ်နိုင် ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် ထမင်းစတုဒိသာ၊ မုန့်လုံးရေပေါ်စတုဒိသာ၊ အအေးစတုဒိသာ၊ ရွှေရင်အေးစတုဒိသာနှင့် မုန့်လက်ဆောင်း စတုဒိသာတို့အား ကျွေးမွေးခဲ့ကြပြီး သြင်္ကန်ထမင်းနှင့် ထမင်းစတုဒိသာတို့ကိုသာ ပိုမိုကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရပ်ကွက်နေ ရပ်ကွက်သားများ စုပေါင်းပါဝင်၍ သြင်္ကန်လေးရက်လုံးတွင် ထမင်းစတုဒိသာ ကျွေးမွေးခဲ့သည့် တောင်ငူမြို့ ၉ ရပ်ကွက်ရှိ ပေါ်တော်မူဘုရားမဏ္ဍပ်မှ ဦးဆောင်သူ ကိုရန်လင်းအောင်က “သြင်္ကန်မတိုင်ခင် ကတည်းကပေါ့နော့ ကျွန်တော်တို့လူငယ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ပေါ့နော်၊ အများလည်း ကောင်းမှုကုသိုလ်ရအောင် ကျွန်တော်တို့ ကိုယ်တိုင်လည်း စိတ်အားထက်သန်တဲ့ အခါကျတော့ အားလုံးပိုက်ဆံတွေ လိုက်ကောက်ပြီး လိုက်မျှဝေပြီးတော့ ကောင်းမှုပြုတယ်ပေါ့၊ သြင်္ကန်အကြိုနေ့ကနေပြီးတော့ ဒီနေ့အထိပေါ့နော့၊ တစ်နေ့ကို ဆန် နှစ်အိတ်ချက်တယ်၊ လေးရက်ကို ဆန် ၈ အိတ်၊ ပထမဆုံးနေ့က အစီအစဉ်အစဆိုတော့ ငါးခြောက်ကြော်နဲ့သီးစုံပဲဟင်းလေးပေါ့ ၊ အဲ့ဒါလေးနဲ့ပဲကျွေးတယ်၊ ကျန်တဲ့ နှစ်ရက်ကတော့ ဝက်တစ်ကောင် ပေါ်ပြီးတော့ နှစ်ရက်စာကို အာလူးလေးနဲ့ဝက်သားဟင်းလေး ရောပြီးတော့ ဖြစ်မြောက်အောင် ကျွေးတယ်၊ ကျွန်တော်တို့အရမ်းပျော်တာပေါ့ တစ်ရပ်ကွက်လုံးကိုယ်စား ကျွန်တော်ကပိုပြီးတော့ ပီတိဖြစ်တာပေါ့၊ တစ်ရပ်ကွက်လုံး ကောင်းမှုကုသိုလ်ရအောင် လိုက်ပြီးတော့ နှိုးဆော်တယ်၊ လိုက်ပြီးတော့ တိုက်တွန်းပေးတယ်ပေါ့နော်၊ အဲ့လို တိုက်တွန်းနှိုးဆော်တဲ့အတွက် အားလုံးလည်း ပံ့ပိုးကူညီကြတယ်”ဟု ပြောကြားသည်။

သြင်္ကန်အတက်နေ့တွင် စတုဒိသာကျွေးမွေးသူ တောင်ငူမြို့၊ ၁ ရပ်ကွက်နေသူ မမော်မော်ကလည်း “အတက်နေ့မှာ ကျွေးတယ်၊ဘဲဥချက်နဲ့ဆန်တစ်အိတ် ကုန်တယ်၊ သီးစုံပဲဟင်း ငါးခြောက်ကြော်ကို ကျွန်မတို့ကျွေးတယ်ပေါ့၊ ကျွေးရတာလည်း အားကြီး ပိတိဝမ်းသာ ဖြစ်မိပါတယ်” ဟု ၎င်းရဲ့ပီတိစကားကို ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် တောင်ငူမြို့ မဟာသြင်္ကန်ပွဲတော်ကြီးတွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ် ရှစ်ခုအထိ ပါဝင်၍ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်ကြီးများ၊ မိသားစုရေကစားမဏ္ဍပ်ကြီးများ ပါဝင်ခဲ့ကြပြီး ဖောျ်ဖြေရေးမဏ္ဍပ်များတွင် ဖျော်ဖြေရေး၊ ယိမ်းအကအလှ၊ သံချပ်ဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ငူမြို့၌ သြင်္ကန်အကြိုနေ့မှ စတင်၍ သြင်္ကန်ရေပက် ကစားကြသူ၊ လည်ပတ်ကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားခဲ့သော်လည်း ယမန်နှစ် သြင်္ကန်ကာလ စတုဒိသာ ကျွေးမွေးမှုထက် ပိုလျော့နည်းသွားခဲ့ကြောင်းလည်း သိရသည်။