တောင်ငူူမြို့တွင် အသံချဲ့စက်အား ကျယ်လောင်စွာ ဖွင့်သည်ကို မဖွင့်ရန် လာပြောသူအား အမျိုးသား သုံးဦးပေါင်း၍ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

တောင်ငူူမြို့တွင် အသံချဲ့စက်အား ကျယ်လောင်စွာ ဖွင့်သည်ကို မဖွင့်ရန် လာပြောသူအား အမျိုးသား သုံးဦးပေါင်း၍ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
Published 16 April 2018

အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကောင်းမှုတော်ရွာသစ်တွင် အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်ထားသည်ကို မဖွင့်ရန် လာရောက်ပြောခဲ့သူအား မကျေနပ်သဖြင့် အမျိုးသား သုံးဦးပေါင်း၍ ဓားဖြင့်ထိုးခဲ့ရာမှ လူသေဆုံးမှု ဧပြီ ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ အမှတ် - ၂ နယ်မြေရဲစခန်းမှ သိရသည်။

“တစ်အိမ်နဲ့ တစ်အိမ် ပေ ၇၀ လောက်ပဲ ကွာတယ်၊ အဲ့ဒါ ဆောင်းဘောက်ဖွင့်တာကို အသံတိုးပေးဖို့ သွားပြောတဲ့ကိစ္စမှာ မကျေနပ်လို့ ဖြစ်ကြတာပေါ့၊ တရားခံတွေကိုတော့ မမိသေးဘူး၊ သူတို့ရဲ့ဇာတိနဲ့ နာမည်လေးတွေတော့ သိထားပါပြီ၊ အခုထိတော့ မမိသေးဘူး” ဟု တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က မဖြူဖြူအေး (၃၄) နှစ် ကောင်းမှုတော်ရွာသစ် ၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ တောင်ငူမြို့နယ် နေသူမှာ နေအိမ်တွင် ရှိနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဝင်းထိုက် ၃၅ နှစ် (ဘ) ဦးလှရွှေမှာ နေအိမ် ခေါင်းရင်းရှိ သစ်သားခုံတန်းလျားတွင် ထိုင်နေခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုင်နေစဉ် နေအိမ်ခြံရှေ့သို့ တစ်ရွာထဲ အတူနေသူ အောင်ကျော်ထွေး (ဘ) အမည်၊ အသက် စုံစမ်းဆဲနှင့် အမည်မသိ လူ နှစ်ဦးတို့မှ ဝင်းထိုက်၏ နေအိမ်ခြံရှေ့သို့ ရောက်ရှိလာခဲ့ပြီးနောက် အောင်ကျော်ထွေးမှ ဝင်းထိုက်အား နေအိမ်ခြံရှေ့သို့ ထွက်လာရန် လက်ယပ်ခေါ်ခဲ့ရာ ဝင်းထိုက်မှ “ဘာတုန်း” ဟုဆိုကာ ထိုင်နေသည့်နေရာမှ ထလာစဉ် အောင်ကျော်ထွေးနှင့် အမည်မသိလူ နှစ်ဦးတို့မှ ခြံထဲသို့ ဝင်ရောက်လာပြီး အမည်မသိ လူ နှစ်ဦးမှ ဝင်းထိုက်အား ချုပ်ထားကာ အောင်ကျော်ထွေးမှ ဝင်းထိုက်အား အရိုးအသွား ၈ လက်မခန့် ရှိသည့် ဓားဦးချွန် ဓားမြှောင်နှင့် ထိုးခဲ့ခြင်း ဖြစ်သည်။

ဓားမြှောင်နှင့် ထိုးခံရပြီးနောက် ဝင်းထိုက်၏ နှာခေါင်း ဝဲဘက်ခြမ်း ပြတ်ရှဒဏ်ရာ၊ ယာဘက် နံရိုးကြားတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက် (စိုးရိမ်ရ) တို့ ရရှိသွားခဲ့ပြီး တောင်ငူမြို့ ပြည်သူ့ဆးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ညနေ ၄ နာရီ ၁၀ မိနစ်၌ အခင်းဖြစ်စဉ် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်စဉ်အား စစ်ဆေးချက်အရ ဓားဖြင့်ထိုးခဲ့သူ အောင်ကျော်ထွေးမှာ ယမန်နေ့ ညက အသံချဲ့စက်အား အသံကျယ်လောင်စွာ ဖွင့်ထားသည်ကို ဝင်းထိုက်မှ မဖွင့်ရန်ပြောခဲ့သည့် ကိစ္စအား မကျေနပ်သဖြင့် ပြသာနာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အမှတ် - ၂ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ ဝင်းထိုက်၏ ဇနီးဖြစ်သူ မဖြူဖြူအေးမှ တရားလိုလုပ်၍ အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် အောင်ကျော်ထွေးနှင့် အပေါင်းအပါ အမျိုးသား နှစ်ဦးတို့အား အမှတ် - ၂ နယ်မြေရဲစခန်းမှ (ပ) ၃၁၅-၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ တို့အရ
အမှုဖွင့်ကာ စခန်းမှူး ရဲအုပ်သန်းဇော်မှ အမှုစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ထွက်ပြေး တိမ်းရှောင်လျှက်ရှိသည့် အောင်ကျော်ထွေးနှင့် ပူးပေါင်း နှစ်ဦးတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။