လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ခြောက်ရာခိုင်နှုန်းကျော်ရှိနေပြီး လာမည့်နှစ်နှစ်တာအထိ ခြောက်ရာခိုင်နှုန်းခန့်သာ ဆက်လက်ရှိနေနိုင်ကြောင်း ADB သုံးသပ်

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ခြောက်ရာခိုင်နှုန်းကျော်ရှိနေပြီး လာမည့်နှစ်နှစ်တာအထိ ခြောက်ရာခိုင်နှုန်းခန့်သာ ဆက်လက်ရှိနေနိုင်ကြောင်း ADB သုံးသပ်
Published 12 April 2018

Asian Development Outlook 2018 အစီရင်ခံစာနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ခြောက်ရာခိုင်နှုန်း ကျော်တွင်ရှိနေပြီး လာမည့်နှစ်နှစ်တာကာလအထိ  အဆိုပါခြောက်ရာခိုင်နှုန်းဝန်းကျင်ခန့်တွင် ဆက်လက်ရှိနေနိုင်ကြောင်း ဧပြီ ၁၁ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel  တွင် ကျင်းပသည့် Asian Development Outlook 2018 အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“၂၀၁၈ မှာ ငွေကြေးဖောင်းပွမှုနှုန်းက  ၆ဒသမ၂ရာခိုင်နှုန်းရှိနေပြီး ၂၀၁၉ ခုနှစ်မှာ ခြောက်ရာခိုင်နှုန်းအထိ ရှိနိုင်တယ်။ ကုန်ဈေးနှုန်းကိုရောကြည့်မယ်ဆိုရင် နောက်ထပ် နှစ်နှစ်မှာ ခြောက်ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေမယ်” ဟု Myanmar Resident Mission မှ Yumiko Tamura က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် လာမည့် ၂၀၂၀ ပြည့်နှစ်ရောက်ရှိပါက အစိုးရ၏ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှထုတ်ပေး ခြင်းမပြုလုပ်ဘဲ ငွေတိုက်စာချုပ်၊ ငွေချေး စာချုပ်များရောင်းချပြီး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ပြောကြားထားသည်။

“ကျွန်တော်တို့ရဲ့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးနဲ့ ဒီ Central Bank နဲ့ ပူးပေါင်းပြီးတော့ Target ထားတဲ့တစ်ခုက ဒီ Central Bank Volune ကြီးကို တစ်နှစ်ထက်တစ် နှစ်လျှော့ချနေတယ်။ ဒီနှစ်ဆိုရင်တော်တော်ကို သိသိသာသာ လျှော့ချလာတယ်။ အဲဒီဟာကို ကျွန်တော်တို့  Target က ဘယ်အချိန်မှာ ပြီးမြောက်သွားမလဲဆိုရင် ၂၀၂၀ ရောက်လို့ရှိရင် အစိုးရကဘတ်ဂျက်က လိုအပ်လာမယ့် လိုငွေကိုဖြည့်ဆည်းတဲ့ နေရာမှာ ပြည်သူပြည်သားတွေကို ခုနက Bond တွေ Bill တွေ ရောင်းချပြီးတော့ပဲ ဖြည့်ဆည်းတော့မယ်။ Central Bank က ချေးစရာမလိုတော့ဘူးဆိုတဲ့ အနေအထား ကျွန်တော်တို့ Target ထားဆောင်ရွက်နေတယ်။ အဲ့ဒီအခြေအနေကို ရောက်သွားပြီဆိုရင် နှစ်ပေါင်းများစွာ ကျွန်တော်တို့ကို ဒုက္ခပေးလာတဲ့ ဒီစီးပွားရေးကိုဒုက္ခပေးလာတဲ့ ဒီတိုင်းပြည်ကိုဒုက္ခပေးလာတဲ့ Inflation ကို ကျွန်တော်တို့က Control လုပ်ထားလို့ ရပြီ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

လက်ရှိအချိန်အတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထားသည် တစ်လချင်းတွက်ချက်မှုအရ ၄ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်တွင်ရှိနေပြီး နှစ်အလိုက်တွက်ချက်မှုတွင်  ငါးရာခိုင်နှုန်းအထိကျဆင်းမှု ရှိကြောင်း၊ လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းထားကို ၅ ဒသမ ၅ ဝန်းကျင်၌ ထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီ Inflation ကို Totally Control လုပ်နိုင်အောင် ဒါပေမဲ့  Inflationate က ကျလာတာက ခြောက်လ၊ ရှစ်လလောက်ပဲ ရှိသေးတယ်။ နောက်ထပ် ၁၀ လလောက် ခြောက်လလောက်ထက်ပြီးတော့ ဒီအတိုင်း ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ရင်ဒါ Option တစ်ခုဖြစ်လာမှာပေါ့” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ပြောကြားထားသည်။

Most Read

Most Recent