တောင်ကြီးမြို့တွင် သြင်္ကန်ပွဲတော်ကာလမတိုင်ခင်မှစတင်၍ ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်တော့မည်

တောင်ကြီးမြို့တွင် သြင်္ကန်ပွဲတော်ကာလမတိုင်ခင်မှစတင်၍ ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်တော့မည်
Published 11 April 2018

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်ကာ လမတိုင်ခင် မတ် ၁၀ ရက်မှစတင်၍ မြို့ဝင်မြို့ထွက်များတွင် နယ်မြေရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

တောင်ကြီးမြို့ဝင် မြို့ထွက်ခြောက်နေရာတို့တွင် သြင်္ကန်ပွဲရက် မတိုင်ခင်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ်၊ ညစဉ်တိုင်းရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်တော့မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ ထိုသို့ ရှာဖွေရာတွင် အရက်သောက်ထားခြင်း ရှိ မရှိစက်ဖြင့် တိုင်းတာခြင်း၊ မော်တော်ယာဉ်များတွင် တုတ်၊ ဓားလက်နက်များကိုင်ဆောင်ခြင်း ရှိ မရှိနှင့် မူးယစ်ဆေးဝါးများတို့ကို အဓိက ရှာဖွေသွားမည်ဖြစ်ပြီး၊ တောင်ကြီးမြို့တွင် အသံချဲ့စက်များဖြင့်လည်း သြင်္ကန်ကာလအတွင်း  လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ကြေညာသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာမဟာသြင်္ကန်ကာလအတွင်း (၁) ယာဉ်မောင်းသူများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်၊ (၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြည်သူများသတိ ပြုရှောင်ကြဉ်ရမည့် အသိပေးနှိုးဆော်ချက် ငါးချက်နှင့် (၃) သြင်္ကန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူများသတိပြုရှောင် ကြဉ်ရမည့် အချက် ၁၃ ချက်တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ပြီး အများပြည်သူ မြင်သာစေရန် လမ်းဆုံလမ်းခွများတွင် ကြေညာဆိုင်းဘုတ်များကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမြို့မှာသြင်္ကန်ပွဲရက် မတိုင်ခင်မှာ ယာဉ်ထိန်းအဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ အမှတ် (၁) ရဲစခန်းနဲ့ အမှတ် (၂) ရဲစခန်းတို့ ပူးပေါင်းပြီးတော့ ညစဉ်တောင်ကြီးမြို့ မြင်း စီးရုပ်တစ်နေရာ၊ မြေပုံကြီးအတက်လမ်း တစ်နေရာ၊ ဘုရားဖြူလမ်းဆုံတစ်နေရာ၊ တက္ကသိုလ်လမ်းဆုံတစ်နေရာ၊ အိမ်တော်လမ်းဆုံ တစ်နေရာ၊ အဲဒီနေရာတွေမှာပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ပါမယ်။ အဲဒီလိုလုပ်တဲ့ အခါမှာရှာဖွေရေးကတစ်ဖွဲ့၊ လုံခြုံရေးက တစ်ဖွဲ့သီးခြားပူးပေါင်းပြီး ရှာဖွေစစ်ဆေးခြင်းတွေ လုပ်ပါမယ်။ မြို့ပေါ်မှာလည်း လှည့်ကင်းအဖွဲ့တွေနဲ့ လှည့်ကင်းလမ်းကြောင်းတွေနဲ့ ဆောင်ရွက်ပါမယ်” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်က ပြောကြားသည်။

“ယာဉ်ထိန်းတပ်ဖွဲ့တွေအနေနဲ့ သြင်္ကန်တွင်းမတိုင်ခင်မှာလည်း မှုခင်းပညာပေးတွေ ဆောင်ရွက်တယ်။ စစ်ဆေးအရေးယူခြင်းတွေလည်း ဆောင်ရွက်တယ်။ သြင်္ကန်ကာလမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို အသိပေးသွားမှာပါ” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ တပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင်က ပြောကြားသည်။