ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရင်သားကြီးရောဂါဖြင့် ခွဲစိတ်ကုသမှုခံယူနေသော အမျိုးသမီးငယ်၏ ခွဲစိတ်မှုအောင်မြင်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရင်သားကြီးရောဂါဖြင့် ခွဲစိတ်ကုသမှုခံယူနေသော အမျိုးသမီးငယ်၏ ခွဲစိတ်မှုအောင်မြင်
Published 10 April 2018

ဓာတ်ပုံ (ပုံကြီး) - ကိုမျိုး (နယ်စည်းမခြားပရဟိတ -သီပေါ )၊ ဓာတ်ပုံ (ပုံသေး) - Nanda Win Facebook

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့ နယ် မိုင်းဟိန်းကျေးရွာနေ ရင်သားအဆမတန် ကြီးထွားသည့်ရောဂါ ခံစားနေရသည့် အသက် (၁၃ နှစ်) ရှိ နန်းဆိုင်လူအား ဧပြီ ၉ ရက်က သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသခဲ့ရာ ညနေ ၄ နာရီတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

“ခွဲစိတ်ကုသမှုက မနက်ပိုင်း ၉ နာရီ လောက်ကနေ ခွဲစိတ်ကုသတာ ညနေ ၄ နာရီလောက်မှ ခွဲစိတ်ကုသမှု ပြီးသွားပါတယ်။ ကလေးမလေးရဲ့ ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်မှုရှိပါတယ်။ သတိရနေပါပြီ။ ဒါမျိုးရောဂါက တွေ့လည်းမတွေ့ ဖူးပါဘူး။ ရောဂါက သွေးမပေါ်ခင် ကာလမှာ ဟော်မုန်းတွေက လဲသွားတာပေါ့။ ဟော်မုန်းတွေက ရင်သားမှာပဲများပြီးတော့ သာမန်ထက် ကြီးထွားတဲ့ရောဂါပါ။ အပျိုဖော်ဝင်စ အရွယ်မှာ ရင်သားအဆမတန် ကြီးထွားတဲ့ ရောဂါပေါ့။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ စစ်ဆေးဖို့ အတွက်လည်း စီစဉ်နေပါတယ်” ဟု သီပေါဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

ရောဂါဖြစ်ပွားသော နန်းဆိုင်လူသည် သွားလာရေး ခက်ခဲသော နေရပ်ဒေသတွင် နေထိုင်ခြင်းဖြစ်ကာ မော်တော်ကားပင် တစ်နာရီပြည့်အောင် စီးခဲ့ဖူးခြင်း မရှိကြောင်း၊ ရောဂါဖြစ်ပွားသူ အမျိုးသမီးအား သီပေါမြို့မှ ဓာတ်ပုံဆရာတစ်ဦးက တွေ့ခဲ့ပြီး လူမှုကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်မိကာ သီပေါဆေးရုံကြီးရှိ ခွဲစိတ်ဆရာဝန်များနှင့် တိုင်ပင်ပြီး ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရင်သားအဆမတန် ကြီးထွားသည့် ရောဂါအား နံနက် ၉ နာရီခန့်မှ စတင်ခွဲစိတ်ခဲ့ကာ ညနေ ၄ နာရီတွင် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ခွဲစိတ်ခဲ့သည့် ရင်သားမှာ အလေးချိန် ပေါင် ၃၀ ထိရှိကြောင်း သိရသည်။

“နန်းဆိုင်လူကို သီပေါမြို့က ဓာတ်ပုံဆရာ စိုင်းခွန်မျိုးက ဓာတ်ပုံသွားရိုက်ရင်း တွေ့ခဲ့တာပါ။ အခုလောလောဆယ် ကလေးမလေးက ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း လိုအပ်တာတွေ ကူညီဖို့အတွက် ဆေးရုံမှာပဲ အသင့်ရှိနေပါတယ်။ ကလေးမလေး သက်သာသွားရင်တော့ သူ့အနာဂတ်အသက် မွေးဝမ်းကျောင်းအတွက် အတတ်ပညာတစ်ခုခု သင်ပေးဖို့ တိုင်ပင်နေကြပါတယ်” ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။

အဆိုပါ ရင်သားအဆမတန် ကြီးထွားသည့် ရောဂါခံစားနေရသည့် နန်းဆိုင်လူ (၁၃ နှစ်) သည် မိမိကျန်းမာရေး ကောင်းမွန်သွားပါက စက်ချုပ်ပညာ သင်ယူလိုကြောင်း သိရပြီး ၎င်း၏ဆန္ဒ ပြည့်ဝရန်အတွက် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် စေတနာရှင်များက ကူညီရန် အသင့်ရှိနေကြောင်း သိရသည်။