ထောက်ကြန့်လမ်းဆုံ အနီးရှိ KMH အထည်ချုပ်စက်ရုံ အလုပ်သမားများ ဥပဒေပါ အခွင့်အရေး ရရှိရေး ဆန္ဒထုတ်ဖော်

ထောက်ကြန့်လမ်းဆုံ အနီးရှိ KMH အထည်ချုပ်စက်ရုံ အလုပ်သမားများ ဥပဒေပါ အခွင့်အရေး ရရှိရေး ဆန္ဒထုတ်ဖော်
Published 8 April 2018

ဆန္ဒထုတ်ဖော်နေသည့် KMH အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို တွေ့ရစဉ်

ထောက်ကြန့်လမ်းဆုံး အနီးရှိ KMH အထည်ချုပ်စက်ရုံမှ အလုပ်သမားများက ဥပဒေပါ အခွင့်အရေးများ ရရှိရေးအတွတ် ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို KMH အထည်ချုပ်စက်ရုံဝင်းအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး အလုပ်သမားအင်အား ၂၃၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

“တောင်းဆိုချက် ၁၃ ချက် တောင်းဆိုထားတယ်။ အလုပ်ရှင်ဘက်က သူတို့နဲ့ပဲ ညှိနှိုင်းစေချင်တယ်။ အစ်မတို့က သူတို့နဲ့ မညှိနှိုင်းချင်ဘူး။ ဝန်ကြီးဌာနတွေ အစိုးရက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ သဘောတူစာချုပ် ချုပ်ဆိုချင်တယ်။ သူတို့ဘက်က အဲဒါကို လက်မခံဘူး။ အစ်မတို့က အလုပ်ရှင်ဘက်ကို မယုံဘူး။ သူတို့ဘက်က အလုပ်ရှင်လတ်မှတ် မပါဘဲ မန်နေဂျာ လက်မှတ်နဲ့ပဲ သဘောတူကြောင်း ပြောထားတာ။ အဲဒါကို လက်မခံဘူး။ အလုပ်သမားအင်အား ၂၃၀၀ လောက် ပါဝင်တယ်။ မနေ့ကစပြီး ဆန္ဒဖော်ထုတ်တာပါ။ တောင်းဆိုချက်တွေ မရမချင်း ဆက်တောင်းဆိုသွားဖို့ ရှိတယ်” ဟု ဆန္ဒပြအလုပ်သမား မယုယုမော်က ပြောကြားသည်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့်အညီ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်၊ မီးဖွားခွင့်၊ ဖခင်ဖြစ်ခွင့်များ ခံစားပြုရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီ နေ့လည် ထမင်းစားချိန် ၁ နာရီပေးရန်၊ လူမှုဖူလုံရေးကတ် ထုတ်ပေးရန်၊ ဝန်ထမ်းကတ် အပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို ငွေကြေး မဖြတ်တောက်ဘဲ အလုပ်ရှင်မှ ထုတ်ပေးရန်၊ EC စာချုပ် ချုပ်ဆိုပေးရန်၊ အိမ်သာသွားလျှင် ကတ်များဖြင့် မသွားရန်၊ အိမ်သာများကို သော့ခတ် မထားရန်၊ နိုင်ငံခြားသားနှင့် All Super များမှ ကိုယ်ထိလက်ရောက်နှင့် ကြမ်းတမ်းစွာ ပြောဆိုစေခိုင်းခြင်း မပြုရန်၊ အလုပ်သမားများထံမှ ဆေးဝါးဝယ်ရန် ငွေကြေးဖြတ်တောက်ခြင်း မပြုရန်၊ စက်ရုံဆေးခန်းတွင် ဆေးဝါး အစုံအလင်နှင့် ဆရာဝန် ထားရှိပေးရန်၊ တနင်္ဂနွေ အလုပ်မဆင်းသည်ကို ပိုက်ဆံမဖြတ်ရန်၊ အလုပ်ဆင်းပါက ဥပဒေနှင့်အညီ နှစ်ဆပေးရန်၊ စနေနေ့ နေ့တစ်ဝက်ကို OT ခပေးရန်၊ အရေးကြီးကိစ္စများနှင့် ကျန်းမာရေး အခြေအနေ ဖြစ်ပေါ်လာလျှင် Gate Pass မလိုဘဲ ထွက်ခွာခွင့်ပြုရန်၊ တောင်းဆိုမှုတွင် ပါဝင်သော အလုပ်သမားများကို နောင်တွင် လုပ်ငန်းခွင် စည်းမျည်းစည်းကမ်းအရ မဟုတ်ဘဲ အငြိုးအတေးထား၍ အပြစ်ပေး အရေးယူခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရန် စသည့် အချက် ၁၃ ချက် တောင်းဆိုထားကြောင်း သိရသည်။

“စက်ရုံမှာက အလုပ်သမား တော်တော်များများ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ မနေ့ကမှစပြီး စုပေါင်းတောင်းဆိုမှု ပြုလုပ်ကြတာပါ။ စက်ရုံမှာက A ရုံ B ရုံဆိုပြီး နှစ်မျိုး ခွဲထားတယ်။ အရင်ဆုံး A ရုံက စထွက်တယ်။ နောက်ပိုင်းမှ B ရုံက ထွက်လာတာ။ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အဆင်သင့် မဖြစ်သေးဘူး။ ကိုယ်စားပြုမှုနဲ့ ပတ်သတ်ပြီး ရွေးချယ်မှုကလည်း အဆင်သင့် မဖြစ်ကြသေးပါဘူး။ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရေရေရာရာ ညှိနှိုင်းခဲ့ရတာတော့ မရှိသေးပါဘူး။ စက်ရုံဘက်က အရင်က လစာတိုးတောင်းတာတို့ တစ်ခုခုတို့ဆိုလည်း ပေးလိုက်တယ်။ တစ်ရက်ပဲ ခံတယ်။ နောက်နေ့ကြတော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားတယ်။ အလုပ်ရှင်ဘက်က စကားကို လက်လွတ်စပယ် ပြောတဲ့ပုံစံမျိုးပါ။ အဲဒါကြောင့် အလုပ်သမားတွေဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တွေ့ပြီး သဘောတူစာချုပ် ချုပ်ချင်ကြတာပါ” ဟု WE Generation Network မှ ကိုအောင်စိုးမင်းက ပြောကြားသည်။

တောင်းဆိုချက် ၁၃ ချက် တောင်းဆိုထားသည့်အနက် လုပ်သက်ခွင့် ၁၀ ရက်ပေးရန်၊ EC စာချုပ် ချုပ်ဆိုရန်၊ လူမှုဖူလုံရေးကတ် ထုတ်ပေးရန်၊ ရှောင်တခင်ခွင့်ကို အလုပ်သမားဥပဒေ အတိုင်းပေးရန်၊ နာရေးခွင့်၊ မီးဖွားခွင့်ကို အလုပ်သမားတိုင်း ရရှိရန်၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပေးရန်၊ သြင်္ကန်ရုံးပိတ်ရက် စတင်မည့် ၁၂ရက်တွင် ၁၂ အချိန် အလုပ်ဆင်းပေးရန်စသည့် အချက်ခုနစ်ချက်ကို အလုပ်ရှင်က သဘောတူထားကြောင်း သိရသည်။

အလုပ်သမားများက တောင်းဆိုထားသည့် အချက် ၁၃ ချက်အား ရရှိသည်အထိ စက်ရုံဝင်းအတွင်း တောင်းဆိုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးကာ သဘောတူစာချုပ် ချုပ်ဆိုခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။