သဘာဝဘေးဖြစ်ပေါ်လာပါက ခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံများ လိုအပ်လျက်ရှိရာ တည်ဆောက်ပြီး ၁၀၃ လုံး၊ ဆောက်လုပ်ဆဲ ၁၆ လုံးအပြင် ၂၀၁၈ ခုနှစ်အတွင်း အဆောက်အအုံ ၈၇ လုံး ထပ်မံတည်ဆောက်ရန် စီစဉ်

သဘာဝဘေးဖြစ်ပေါ်လာပါက ခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံများ လိုအပ်လျက်ရှိရာ တည်ဆောက်ပြီး ၁၀၃ လုံး၊ ဆောက်လုပ်ဆဲ ၁၆ လုံးအပြင် ၂၀၁၈ ခုနှစ်အတွင်း အဆောက်အအုံ ၈၇ လုံး ထပ်မံတည်ဆောက်ရန် စီစဉ်
Published 8 April 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

သဘာဝဘေးဖြစ်ပေါ်လာပါက ခိုလှုံနိုင်စေရေးအတွက် မုန်တိုင်းဒဏ်ခံဘက်စုံ သုံးအဆောက်အအုံများ လိုအပ်လျက်ရှိရာ တည်ဆောက်ပြီး ၁၀၃ လုံး၊ ဆောက်လုပ်ဆဲ ၁၆ လုံးအပြင် ၂၀၁၈ ခုနှစ်အတွင်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၈၇ လုံးထပ်မံတည်ဆောက်ရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

“သဘာဝဘေးဖြစ်ရင် အင်မတန်ခိုင်ခံ့တဲ့၊ ခိုလှုံနိုင်တဲ့ မုန်တိုင်းဒဏ်ခံ ဘက်စုံသုံး အဆောက်အအုံတွေရှိဖို့လိုပါတယ်။ ရေကြီးလာပြီဆိုရင်လည်း ရေလွတ်ရာမှာ ခိုလှုံနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒဏ်ခံအဆောက်အအုံတွေ အင်မတန်လိုအပ်ပါတယ်။ တိုးချဲ့ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်က မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၀၃ လုံးပဲရှိတယ်။ ဆောက်လုပ်ဆဲက ၁၆ လုံးရှိတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ၈၇ လုံးထပ်ပြီး ဆောက်လုပ်ဖို့အတွက် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ဒါ့အပြင် ဒီမုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆီ ရောက်အောင်သွားဖို့ဆိုရင် လမ်းကောင်းမှဖြစ်မယ်။ အရေးကြီးဆုံးက ကျေးရွာချင်းဆက်လမ်းတွေ၊ ကျွန်တော်တို့နိုင်ငံမှာ ရွာချင်းဆက်လမ်းတွေက တော်တော်ယိုယွင်းနေပါတယ်။ သဘာဝဘေးဒဏ် ရင်ဆိုင်နိုင်ဖို့ ရွာချင်းဆက်လမ်းတွေ ကြံ့ခိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများထံရောက်အောင်ပို့နိုင်ရေးအတွက် Dan Mobile Application ကို ရေးဆွဲနေကြောင်း၊ ယင်းမှာ Diasiater Alert Notification ဟုခေါ်ကြောင်း၊ ပြည်သူများက မိုဘိုင်းဖုန်းဖွင့်ကာ Application ကို Download လုပ်ထားလိုက်သည်နှင့် ဘေးအန္တရာယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ချက်ချင်းကြည့်နိုင်မည်ဖြစ်ကာ ယင်းကိုဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝဘေးသင့်နေပြီဆိုပါက ထိခိုက်သည့်လူဦးရေ၊ ပျက်စီးဆုံးရှုံးမှုပမာဏကို ကနဦးသတင်းအချက်အလက်ရယူနိုင်ရေး အရေးကြီးကြောင်း၊ သို့မှသာ အမြန်ဆုံးတုံ့ပြန်နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းအတွက် စာရင်းများရရှိစေရန် KOBO Myanmar Mobile Application ဆိုသည်ကို သုံးစွဲနေကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲသည့် နေရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အရေးပေါ်အခြေအနေများကို စီမံခန့်ခွဲနိုင်သည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီကို ဒုတိယသမ္မတဦးဆောင်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။