စက်မှုဇုန်များ၌ ဖြစ်ပေါ်နေသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေ အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်တွင်လည်း ဆွေးနွေးမည်

စက်မှုဇုန်များ၌ ဖြစ်ပေါ်နေသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေ အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်တွင်လည်း ဆွေးနွေးမည်
Published 5 April 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန်များတွင် အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် စက်မှုဇုန်ဥပဒေအတည်ပြုနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဇုန်ဥပဒေ အတည်ပြုနိုင်ရေးနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် မတ်၂၁ ရက်က ကျင်းပပြုလုပ်သည် ပထမအကြိမ်အစည်းအဝေးတွင် အခန်း (၅) အထိ ဆွေးနွေးပြီးဖြစ်ကြောင်း မတ် ၂၈ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် အခန်း (၆) မှ စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လွှတ်တော်တွင်လည်း စက်မှုဇုန်ဥပဒေကို ဆွေးနွေးသွားဖို့ရှိကြောင်း၊ စက်မှုဇုန်များတွင်လည်း အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ဥပဒေကို လျင်မြန်စွာအတည်ပြုပေးနိုင်ရန်လိုကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေ ရေးဆွဲအတည်ပြုနိုင်ရေးမှာ အဓိကကျသဖြင့် ပိုမိုကောင်းမွန်သည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့် စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး မူဝါဒအချို့ ပြောင်းလဲသတ်မှတ်ပေးရန်လည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန်ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေမရှိသေးသဖြင့် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်း လှိုင်သာယာ၊ ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

“ရန်ကုန်မှာဆိုရင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်တည်ထောင်ထားပါတယ်။ သီလဝါစက်မှုဇုန်က လွဲရင်ပေါ့။ လက်ရှိနိုင်ငံတကာ စံချိန်မီအောင်ဆိုပြီးတော့ SEZ ဆိုတဲ့ စက်မှုဇုန်ကြီး တည်ထောင်နေပါပြီ။ စက်မှုဇုန်က အခုမှစခါစပါ။ ဥပဒေက နည်းဥပဒေကအစ ပြီးသွားပါပြီ ကျွန်တော်တို့ စက်မှုဇုန်တွေ တည်ထောင်လာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ အခုထိ ဥပဒေမရှိသေးဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဌာနရဲ့ ညွှန်ကြားချက် ၁/၉၇ နဲ့ပဲ ညွှန်ကြားချက်စာအုပ်လေးနဲ့ပဲ လုပ်နေတာပါ။ ကျွန်တော်တို့ စက်မှုဇုန်စထောင်စဉ်က ဒီဥပေဒလိုတယ်ဆိုတာလည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ရေးလည်းရေးဆွဲနေပြီး အမြန်ဆုံးပြီးဖို့လိုပါတယ်” ဟု ဦးအေးသောင်းက ပြောကြားသည်။

စက်မှုကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံတွင် စက်မှုဇုန်များ တည်ဆောက်ဆောင်ရွက်လာခြင်းက နှစ်ပေါင်း ၃၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ့ကုန်အမှတ်တံဆိပ် (Made in Myanmar) ဖြင့် ဈေးကွက်ထိုးဖောက်မှုသည် အနည်းငယ်သာရှိသေးကြောင်း သိရသည်။

“စက်မှုဇုန်တွေ ဖွံ့ဖြိုးလာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ ဒါပေမဲ့လည်း Made in Myanmar ဆိုတဲ့တံဆိပ် အင်မတန်နည်းနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မှာ ဥပဒေမရှိပါဘူး” ဟု ဦးအေးသောင်းက ပြောကြားသည်။ ယင်းကဲ့သို့စက်မှုဇုန် ဥပဒေမရှိခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ကုန်မြို့တွင်းရှိ အခြားစက်မှုဇုန်များသို့ ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲများရှိကြောင်း သိရသည်။