မန္တလေးမြို့တွင် မိုးသက်လေပြင်းကျရောက်၍ လျှပ်စစ်မီး ပြတ်တောက်မှုများဖြစ်ပေါ်

မန္တလေးမြို့တွင် မိုးသက်လေပြင်းကျရောက်၍ လျှပ်စစ်မီး ပြတ်တောက်မှုများဖြစ်ပေါ်
Published 4 April 2018

မန္တလေးမြို့တွင် ဧပြီ ၃ ညပိုင်းတွင် မိုးသက်လေပြင်း ကျရောက်ခဲ့၍ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း နေထိုင်သူများထံမှ သိရသည်။

ဧပြီ ၃ ည ၈ နာရီမှစ၍ ၁၀ နာရီအထိ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် မန္တလေးမြို့၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံ စသည့်မြို့နယ်အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“၈ နာရီလောက်ကစရွာတာ။ ရွာစကဖွဲဖွဲပဲ၊ နောက်လေပြင်းပါတိုက်လာပြီး မီးပြတ်သွားတယ်။ ဆိုင်ကိုဖွင့်မရတော့ဘူး။ တချို့နေရာတွေ မိုးသီးပါကြွေတယ်ကြားတယ်” ၇၆ လမ်း ၃၁ လမ်းရှိ ထမင်းဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

နှစ်စဉ် မတ်လ၊ ဧပြီလနှင့် မေလများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုတ်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်ခြင်းကြောင့် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားခြင်း၊ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ခြင်း၊ မဖြစ်မနေ အိမ်ပြင်သို့ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများဆောင်းခြင်း၊ အဝတ်ထူများဝတ်ဆင်သွားခြင်း၊ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်ခြင်း၊ မိုးရွာသွန်း၊ မိုးခြိမ်း၊ လျှပ်စီးလက်နေချိန်များတွင် တယ်လီဖုန်းများ အသုံးပြုခြင်းရှောင်ကြဉ်ခြင်း၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့် ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားခြင်း၊ သစ်ပင်၊ ဓာတ်တိုင်နှင့် သံ/သတ္တုပစ္စည်းများအနီးတွင် မနေထိုင်ခြင်း၊ ရုတ်တရက်တိမ်မည်းလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက်ခြင်း၊ အပူထုထဲတွင် လေအေးများကိုခံစားရခြင်းစသည့် မိုးသီးမုန်တိုင်း၏ လက္ခဏာများအားဂရုပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent