ကျောက်တော်မြို့နယ်တွင် လိုဏ်ခေါင်းတစ်ခု တူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များနှင့် ရုပ်တုများ တူးဖော်တွေ့ရှိ

ကျောက်တော်မြို့နယ်တွင် လိုဏ်ခေါင်းတစ်ခု တူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များနှင့် ရုပ်တုများ တူးဖော်တွေ့ရှိ
Published 3 April 2018

တူးဖော်တွေ့ရှိခဲ့သော ဗုဒ္ဓဆင်းတုတော် (ပုံသေး) နှင့် အုတ်နံရံများ (ပုံကြီး) ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရွက်မညှိုးတောင်တန်းရှိ ပြိုင်းတောင်၊ တောင်ဦးတွင် အုတ်နံရံများနှင့် ဂူတစ်ခုအား တူးဖော်ကြည့်ရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များနှင့် ရုပ်တုများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဆင်းတုတော်များကို မတ် ၃၁ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ရှေးမူလက်ရာမပျက်အောင် ဆက်လက်တူးဖော်မှုများ ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာ ရှေးဟောင်းသုတေသန ဌာနသို့လည်း အကြောင်းကြားထားကြောင်း သိရသည်။

“အဲဒီအနီးအနားမှာတော့ ရွာမရှိဘူး။  ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ် အနီးမှာရှိတဲ့ တောင်တန်းတစ်ခုရဲ့ တောင်ဦးဆိုတဲ့တောင်မှာ ဂူတစ်ခုကိုတွေ့လို့ တူးဖော်ကြည့်တော့ ဂူက မြေအောက် ၁၀ ပေလောက် အနက်မှာ ရှိနေတာ။ အဲဒီအတွင်းဘက်မှာ ဆင်းတုတော်တွေကို တွေ့တာ။ မြေကြီးအောက်ကို တူးလိုက်တော့ ဗုဒ္ဓဆင်းတုတော် အကျိုးအပဲ့တွေကို တွေ့တယ်။ ပလ္လင်တွေ တွေ့တယ်။ ပြီးတော့ ကျောက်ထွင်း ပန်းပုလက်ရာတွေကိုတွေ့တယ်။ လက်ရာတွေကတော့ ရှေးခေတ်လက်ရာတွေပေါ့။ အုတ်ချပ်တွေကလည်း အကြီးကြီးတွေကို တွေ့တယ်။  ကျောက်နံရံမှာလည်း ထွင်းထားတဲ့ ရုပ်တုမျိုးစုံကို တွေ့ရတယ်။ ကျွန်တော့်အမြင်ကတော့ ဂူထဲမှာ တည်ထားခဲ့တဲ့ ဘုရားလို့သာ မြင်တယ်။ ဘယ်ခေတ်ကလုပ်တယ် ဆိုတာတော့ ပညာရှင်တွေလာပြီး လေ့လာမှ သိရမှာပါ။ ကျွန်တော်တို့က ပညာရှင် မဟုတ်တော့ ပြောဖို့ခက်ပါတယ်” ဟု ပက်ခွက်ဆိပ်ကျေးရွာမှ ကိုနေမျိုးအောင်က ပြောကြားသည်။

ပက်ခွက်ဆိပ်၊ ရွက်မညိုးတောင်၊ မော်ရွာ၊ ဒေဝန်း၊ ခမောင်းတော စသည့်ကျေးရွာများမှ ကျေးရွာလူကြီးများ ဦးဆောင်ပြီး တူးဖော်နေခြင်းဖြစ်ကာ ကျေးရွာသူ ရွာသားများကလည်း တူးဖော်မှုကို လာရောက် ကူညီပေးကြကြောင်း၊ အဆိုပါတောင်သည် ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးတွင် တည်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြို့နယ်ခြားစည်းအတွင်း တည်ရှိသော တောင်တစ်ခုဖြစ်ကာ လာရောက် ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။