ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့ စက်ရေတွင်းချို့ယွင်းမှုနှင့် ကန်ရေခန်းခြောက်မှုများကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေ

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့ စက်ရေတွင်းချို့ယွင်းမှုနှင့် ကန်ရေခန်းခြောက်မှုများကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေ
Published 31 March 2018

ကန်ရေခန်းခြောက်စ ပြုနေပြီဖြစ်သည့် ကန်သစ်ကျေးရွာရေကန်တွင် တိရစ္ဆာန်သောက်သုံးရေ ခပ်နေသူများအား တွေ့ရစဉ်

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့ ယခုမတ်လမှစ၍ စက်ရေတွင်းချို့ယွင်းမှုနှင့် ကန်ရေခန်းခြောက် မှုများကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေပြီး ကန်သစ်ကျေးရွာ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေသည်မှာ တစ်လခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ် ကန်သစ်ကျေးရွာမှာ စက်ရေတွင်း ပြန်လည်ပြုပြင် မရခြင်းကြောင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့ပြီး ရေအလှူရှင်များနှင့် အနီးနား ကျေးရွာများရှိ ရေတွင်းများမှ ရေကို အားထားအသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။

“လက်တွေ့ဖြစ်ပျက်နေတာတော့ စက်တွင်းနှစ်တွင်းရှိတယ်။ ပထမတွင်းကတော့ တွင်းသက်တမ်းကြာလို့ သုံးမရတော့ဘူး။ နောက်တစ်တွင်းကလည်း ပန့်ပျက်နေတဲ့အတွက် လက်ရှိရွာက တတ်နိုင်သမျှပြင်ဖို့ရာ ကြိုးစားနေတာ မအောင်မြင်သေးဘူး။ ဘေးနားက ကန်တွေကလည်း ရာသီကုန်ပြီဆိုတော့ ရေကနည်းနည်းပဲရှိတယ်။ မဖြစ်တော့ အဲဒါလေးကိုပဲ ကပ်သပ်သုံးနေရတယ်။ လူသောက်ဖို့နဲ့ ထမင်းဟင်းချက်ဖို့ ဆိုတာတော့ တောင်နားကန်ရပ်ကြီးက လှူတဲ့ကားကနေ သုံးရတယ်။ ကန်ရေကတော့ လူချိုးတိရစ္ဆာန်ရေသုံးပေါ့” ဟု မြိုင်မြို့နယ် ကန်သစ်ကျေးရွာမှ ဦးစန်းညိုက ပြောကြားသည်။

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေသည့် မြိုင်မြို့နယ် ကန်သစ်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်နှင့် နွား၊ သိုး၊ ဆိတ် အကောင်ရေ တစ်ထောင်ခန့်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ရေလှူကားကြီးများ ဝင်ရောက်ရန် ခက်ခဲကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့မှာလည်း နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် စက်ရေတွင်းများကို ယခုတိုင် အသုံးပြုရဆဲဖြစ်ပြီး ရေသုံးစွဲမှု မြင့်တက်လာသည့် ယခုနွေကာလတွင် ရေလုံလောက်ရန် စက်ရေတွင်းများကို အချိန်ကြာမြင့်စွာ မောင်းနှင်နေရကြောင်း သိရသည်။

“အိမ်ခြေ ၁၄၀ ရှိတဲ့အတွက် သောက်သုံးရေ လုံလောက်ဖို့ ဒီစက်တွင်းဟောင်းကိုပဲ အသုံးချနေရတယ်။ စက်ရေတွင်းက အင်မတန်မှ ကြာနေတော့ နှစ်စဉ်တွင်းပျက်စီးမှုက တစ်နှစ်ကို နှစ်ကြိမ်လောက် ပြင်ဆင်ရပါတယ်။ ကုန်ကျငွေနဲ့ ပြည်သူလူထုကို သောက်သုံးရေ လုံလောက်ဖို့ရာအတွက် လုပ်ကိုင်ဆောင်ရွက်ပေမဲ့ ရေထွက်အားက လုံလောက်အောင်မရတော့ နေကုန်နီးပါး မောင်းရတယ်။ ဒါတောင် တစ်ခါတစ်လေ အဆင်မပြေပါဘူး။ လက်ရှိဆီတစ်ပီပါကို ၁၂ ရက်လောက်ပဲ သုံးရတယ်။ တွင်းကနက်တော့ ဆီနဲ့ရေနဲ့လဲ သောက်ရတယ်” ဟု မြိုင်မြို့နယ် ပေပင်တိုက်ကျေးရွာမှ ကိုဝင်းဦးက ပြောကြားသည်။

စက်ရေတွင်းသစ် တူးဖော်နေသည့် မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာ (အရှေ့)တွင် ဒေသခံများ လတ်တလော သောက်သုံးရေ ရှားပါးမှု မရှိစေရန် အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group မှ ရေလှူဒါန်းပေးနေကြောင်း သိရသည်။

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သောက်ရေကန်များ ရေခန်းခြောက်ခြင်းနှင့် စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် သောက်သုံးရေ ရှားပါးမှု စတင်ကြုံတွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးကာလတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် သောက်ရေကန်များတွင် ရေစီးဝင်မှု နည်းပါးခဲ့သည့်အတွက် ကန်ရေခန်းခြောက်မှုအား ယခုနွေဦးအစမှာ စတင်ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပခုက္ကူ၊ ညောင်ဦး၊ ပေါက်နှင့် မြိုင်မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအား အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group ၏ ရေလှူဒါန်းမှု အစီအစဉ်မှ ရေလိုအပ်သည့် ကျေးရွာများသို့ ရေဂါလန် တစ်သိန်းကျော် လှူဒါန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။