တရုတ်နိုင်ငံက ဘဏ်အကောင့် ၂၂၀ ခန့် ယာယီပိတ်သိမ်း၍ စိစစ်လျက် ရှိသဖြင့် ဘဏ်အကောင့် ပိတ်ခံထားရသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၏ အမည်စာရင်းနှင့် ငွေအရေအတွက်တို့အား စိစစ်ကောက်ခံပေးရန် အကြောင်းကြားထား

တရုတ်နိုင်ငံက ဘဏ်အကောင့် ၂၂၀ ခန့် ယာယီပိတ်သိမ်း၍ စိစစ်လျက် ရှိသဖြင့် ဘဏ်အကောင့် ပိတ်ခံထားရသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၏ အမည်စာရင်းနှင့် ငွေအရေအတွက်တို့အား စိစစ်ကောက်ခံပေးရန် အကြောင်းကြားထား
Published 31 March 2018

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်နိုင်ငံ ABC ဘဏ်ရှိဘဏ်အကောင့် ၂၂၀ ခန့် ယာယီပိတ်သိမ်း၍ စိစစ်မှု များဆောင်ရွက်လျက်ရှိသဖြင့် ဘဏ်အကောင့်ပိတ်ခံထားရသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ၏ အမည်စာရင်းနှင့် ငွေအရေအတွက်တို့အား စိစစ်ကောက်ခံပေးရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားထားကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ  Agriculture Bank of China ရှိ ဘဏ်အကောင့် ၂၂၀ ခန့် ယာယီပိတ်သိမ်း၍စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသဖြင့်  မြန်မာနိုင်ငံဘက်မှ ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်အပိတ်ခံရသူအမည် နှင့် ငွေအရေအတွက်တို့အား စိစစ်ပြုစုပေးရန် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးဦးစီးဌာနမှ မူဆယ် - နမ့်ခမ်းနယ် စပ်ကုန်သွယ်ရေးကုန်သည်များအသင်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

ထို့ကြောင့် ယာယီပိတ်သိမ်းခံရသော မြန်မာနိုင်ငံဘက်မှကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်စာရင်းအား ပြုစုပေးရန်အတွက် မူဆယ်မြို့၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန် စည်ဒိုင်၊ပဲပြောင်း နှမ်းနှင် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်၊ ဆန်စပါးကုန်စည်ဒိုင်၊ တာဝန်ခံဒါရိုက် တာ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက်၊  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တို့သို့ အသိပေးစာဖြန့်ဝေထားကြောင်း သိရသည်။

“ဒီဘဏ်အကောင့်တွေကိစ္စကြောင့်တော့ ကုန်သွယ်မှုအပေါ် သက်ရောက်မှု မရှိပါဘူး။ တစ်ခုတော့ရှိတာပေါ့။ ဖြစ်သွားတဲ့သူက ပမာဏများရင်တော့ သူ မလုပ်နိုင်ဘူး ဖြစ်သွားမှာ။ ဆိုလိုချင်တဲ့သဘောက တရုတ် ငွေသိန်း၂၀၊ ၃၀ ပါသွားရင်တော့ သူက အလုပ်မလုပ်နိုင်တော့ဘူး။ ကုန်သွယ်မှုမှာ မနေ့ ကအထိ ဆန်နဲ့ပတ်သက်ရင်  ကြီးကြီးမားမား ထိခိုက်တာတော့ မရှိပါဘူး။ ကြားလည်းမကြားမိဘူး။ ဆန်နဲ့ပတ်သက်လို့ အကောင့်ပိတ်ခံရလို့ ဘယ်လိုဖြစ်သွားပါပြီဆိုတာ မနေ့ကရုံးဆင်းချိန်အထိ ဘယ်သူမှ လာမတင်သေးပါဘူး” ဟု ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဓိကက သကြားသမားတွေနဲ့ ငွေလွှဲသမားတွေဖြစ်တာလို့လည်း ကြားတယ်။ ငွေလွှဲသမားတွေကျတော့ သူတို့က မူးယစ်ဆေးဝါးက ရလာတဲ့ပိုက်ဆံလား၊ လောင်းကစားကရတဲ့ ပိုက်ဆံလား သူတို့မသိဘူးလေ။ တချို့ကျတော့ တရုတ်ပြည်က လူတွေရဲ့မူးယစ်ဆေးဝါးတို့ လောင်းကစားတို့ကရတဲ့ပိုက်ဆံကိုဒီဘက်ကို ငွေမည်းကနေ ငွေဖြူပြန်လုပ်တာပေါ့။ အဲဒီလိုပုံစံမျိုးတွေရှိတယ်။ နယ်စပ်မှာကျတော့ အစုံရှိတာကို၊ ငွေဖြူဖြစ်အောင် ပြန်လုပ်တဲ့သဘောမျိုးပေါ့။ အဲဒါကို တရုတ်ဘက်က သံသယရှိတော့ ပိတ်တဲ့သဘော   မျိုး၊ အကြမ်းဖျင်းစာရင်းထွက်ထားတာက  ၂၂၀လောက်ရှိမယ်” ဟု မူဆယ်နယ်စပ်မှ  ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ယခုကဲ့သို့ ပြဿနာများမကြာခဏဖြစ်ပွားနေကြောင်း၊  မြန်မာ-တရုတ်နယ်စပ်တွင် တရားဝင်ကုန်သွယ်နိုင်မှသာလျှင်  ယင်းပြဿနာများ ကင်းလွတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်မူ ဘဏ်စာရင်းအပိတ်ခံရသည့် စာရင်းကို အတိအကျ မသိရသေးကြောင်း၊ ဆန်၊ သကြား၊ ပြောင်းအပါအဝင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူများ၏ ငွေစာရင်များ ပါဝင်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် နှစ်လယ်ခန့်က အွန်လိုင်း လောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ်အကောင့် ၃၄၉ ခုအနက် မြန်မာနိုင်ငံသားပိုင်ဘဏ်အကောင့် ၁၃၂ ခုပါဝင်ခဲ့ကာ နှစ်နိုင်ငံညှိနှိုင်းဆောင် ရွက်မှုများ ပြုလုပ်ပြီးနောက် အကောင့်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုတွင် နှစ်စဉ်ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။