လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ခြောက်ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ခြောက်ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
Published 31 March 2018

လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့်  မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ခြောက်ရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မတ် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် ဧပြီ ၁ ရက်မှ ၆ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရသည်။

ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီလပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းနိုင်သည့် အခြေအနေသည် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအောက် ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။