အရေပြားနှင့် လိင်အင်္ဂါများ ထိခိုက်သည်အထိ နှိပ်စက်ခံရသူ နှစ်ဦးကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင် လာရောက်တွေ့ဆုံ

အရေပြားနှင့် လိင်အင်္ဂါများ ထိခိုက်သည်အထိ နှိပ်စက်ခံရသူ နှစ်ဦးကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင် လာရောက်တွေ့ဆုံ
Published 30 March 2018

လပွတ္တာမြို့နယ်တွင် ခိုးမှုဖြင့် မသင်္ကာဟုဆိုကာ ပိုးလောင်းရဲကင်းရဲစခန်းမှချုပ်ရက် ရမန်မယူဘဲ ရက်အတန်ကြာဖမ်းဆီးကာ အရေပြားများနှင့် လိင်အင်္ဂါများထိခိုက်သည်အထိ  ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခံရသူ နှစ်ဦးထံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မတ် ၂၉ ရက်တွင် လပွတ္တာမြို့သို့ လာရောက်စစ်ဆေးပြီး ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်ငါးသောင်းစီပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့က ပိုးလောင်းရဲစခန်းကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေကို သိရလို့ ဒါဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရလို့ စုံစမ်းစစ်ဆေးဖို့ လာတာပါ။ ဒီနေ့ ပြုလုပ်ခံခဲ့ရသူတွေကို ကျွန်တော်တို့ စစ်ဆေးပါမယ်။ နောက်နေ့မှာ ဒေါင့်ချောင်းကျေးရွာကို သွားမယ်။ စုံစမ်းစစ်ဆေးမယ်။ ပြီးရင် ပိုးလောင်ကျေးရွာကိုလည်း သွားမယ်။ ဖြစ်စဉ်နဲ့ပတ်သက်သူတိုင်းကို စုံစမ်းစစ်ဆေးသွားမှာပါ။ စစ်ဆေးမှုတွေ့ရှိချက် အစီရင်ခံစာကိုတော့ တစ်ပတ်အတွင်း တင်ပြသွားမှာပါ” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြံယ်က ပြောကြားသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရဲစည်းကမ်းဥပဒေများနှင့် အရေးယူဆောင်ရွက်နေသည်ကို ကျေနပ်မှုမရှိဘဲ ပြင်ပအဖွဲ့အစည်းများမှနေ၍ ဥပဒေနှင့်အညီအမှုဖွင့် တရားစွဲဆိုပေးရန် အလိုရှိကြောင်း နစ်နာခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

“အခုလို အဖွဲ့အစည်းက လာရောက်ကူညီပေးတာကို ကျေးဇူးလည်းအရမ်းတင်တယ်။ အားလည်းတက်တယ်။ အခုကျွန်တော်တို့ကို လုပ်ဆောင်ထားခဲ့သူတွေကိုရဲကအရေး ယူတာအပြင် အခုလိုကူညီပေးနေတဲ့ အဖွဲ့တွေကနေအပြင်က ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းချင်ပါတယ်။ ကျွန်တော်တို့က ခံခဲ့ရသူတွေဆိုတော့ ရဲအချင်းချင်း အရေးယူတာကို မလိုလားပါဘူး” ဟု နှိပ်စက်ခံခဲ့ရသူတစ်ဦးဖြစ်သည့် ကိုစိုးမြတ်အောင်က ပြောကြားသည်။

Most Read

Most Recent