ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရသည့် အောင်ကိုထွေး ထပ်မံတရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး သမ္မတအသစ်ထံ တင်ပြမည်ဟု မိသားစုဝင်ပြောကြား

ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရသည့် အောင်ကိုထွေး ထပ်မံတရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး သမ္မတအသစ်ထံ တင်ပြမည်ဟု မိသားစုဝင်ပြောကြား
Published 30 March 2018

ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်အမိန့်ချမှတ်ခံရသည့် အောင်ကိုထွေးအား နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံရမှုကို သမ္မတအသစ်ထံ တင်ပြမည်ဟု မိသားစုဝင်တစ်ဦးက မတ် ၂၉ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲအား မတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်ကိုထွေး၏ မိသားစုဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အောင်ကိုထွေးမှာ ကလေးစစ်သားကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုအား ဖြေကြားခဲ့သဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး အဆိုပါတရားရင်ဆိုင်နေစဉ်တွင် တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ခံရသည့် မတ် ၂၈ ရက်တွင်ပင် အောင်ကိုထွေးအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲမှူးမောင်မောင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ (၇) ဖြင့် ထပ်မံတရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမိန့်ချတဲ့နေ့မှာပဲ ကျွန်မတို့က ဒီဟာပြီးသွားရင် ပြီးပြီထင်တာ။ ကျွန်မတို့မောင်လေးရဲ့ လွတ်ရက်ကို စောင့်မယ်ဆိုပြီးတော့ပါ။ ဒါပေမဲ့ ဖြစ်လာတဲ့ပုံစံက တရားသူကြီးက ဘယ်လိုပြောလဲဆိုတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မှူးကနေပြီးတော့ ပုဒ်မ (၇) နဲ့ ထပ်တရားစွဲတယ်ဆိုပြီး ပြောတယ်။ ပုဒ်မ (၇) နဲ့ တရားစွဲတာကို ကျွန်မတို့မိသားစုဝင်တွေကိုလည်း အကြောင်းမကြားဘူး။ မောင်လေးကိုလည်း စာရွက်ဘာတစ်ခုမှ လာမပို့ထားဘူး။ တစ်ခုမေးချင်တာက သူတို့ ဒီနေရာကနေ ထိုင်ပြီးတော့ ကြိုက်တဲ့ပုဒ်မတပ်လို့ရတာလား။ ကြိုက်သလိုစွပ်စွဲလို့ရတာလား။ ပြောမယ်ဆို အမှုထိမ်ချန်တဲ့သဘောဖြစ်နေပြီ။ ဒါက မဖြစ်သင့်ဘူး။ တရားစွဲတော့မယ်ဆို မိသားစုကိုဖြစ်ဖြစ် အကြောင်းကြားစာပို့သင့်တယ်” ဟု အောင်ကိုထွေး၏ အစ်မဖြစ်သူက ဆိုသည်။

ထို့ပြင် အောင်ကိုထွေး ထပ်မံတရားစွဲဆိုခံရမှုအား သက်ဆိုင်ရာဌာနအသီးသီးထံ စာတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent