ကလေးစစ်သားကိစ္စနှင့် ပတ်သက်၍ ဖြေကြားခဲ့သည့် အောင်ကိုထွေးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်

ကလေးစစ်သားကိစ္စနှင့် ပတ်သက်၍ ဖြေကြားခဲ့သည့် အောင်ကိုထွေးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်
Published 29 March 2018

ကလေးစစ်သားကိစ္စနှင့် ပတ်သက်ပြီး ဖြေကြားခဲ့သည့် ကိုအောင်ကိုထွေးအား မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ရုံးချိန်းတွင် ကိုအောင်ကိုထွေးအား စွဲချက်တင်ထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစား ခွင့်ပြုကြောင်း သိရသည်။

ကိုအောင်ကိုထွေးအား ဒဂုံဆိပ်ကမ်း မြို့နယ်တရားရုံး၌ ခုနစ်လခန့်ကြာ စစ်ဆေးခဲ့ပြီးနောက် ယင်းသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်ဆေးနေစဉ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်က ကိုအောင်ကိုထွေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းခဲ့သည်ဟုဆိုကာ ရဲမှူးမောင်မောင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ယခုအမိန့်ချမှတ်ခဲ့သည့် မတ် ၂၈ ရက်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ ဖြင့် ထပ်မံတရားစွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ရုံးချိန်းကို ဧပြီ ၁၀ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

“စဖြစ်ကတည်းက သူတို့က ၅၀၅ (ခ)နဲ့ စွဲထားတာလေ။ အဲဒီမှာ အောင်ကိုထွေးက ၅၀၅ (ခ) မမြောက်ဘူးဆိုပြီး တရားရုံးကို သပိတ်မှောက်တယ်။ မမြောက်ဘဲနဲ့ တရားသူကြီးက စွဲရပါမလားဆိုပြီး တရားသူကြီးကိုလည်း သပိတ်မှောက်တယ်။ အဲဒီမှာ တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ခြောက်လချတယ်။ ဒီနေ့က ၅၀၅ (ခ) နဲ့ နှစ်နှစ်ချတယ်။ ချလိုက်တဲ့အပေါ်မှာက အခုကထပ်ပြီးတော့ မပြီးသေးဘူး။ နောက်ထပ်တစ်မှု ထပ်စွဲတယ်။ အစ်မတို့က ပြီးသွားပြီထင်တာ” ဟု ကိုအောင်ကိုထွေး၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းနေ့ရုံးထုတ်တွင် ကိုအောင်ကိုထွေးက မြန်မာနိုင်ငံ တရားစီရင်ရေးကို အယုံအကြည်မရှိကြောင်း အော်ပာစ်ကြွေးကြော်ခဲ့သည်။

ကိုအောင်ကိုထွေးမှာ ကလေးစစ်သား စုဆောင်းခြင်းနှင့် ပတ်သက်ပြီး မီဒီယာတစ်ခုသို့ အင်တာဗျူး ဖြေကြားခဲ့သည့်အတွက် ၎င်းအားတပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ၎င်းကို ၂၀၁၇ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ရဲတပ်ဖွဲ့ဝင်များမှ နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုအောင်ကိုထွေးအား တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ-၂၂၈ ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက တရားလိုပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ယင်းပုဒ်မဖြင့် ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent