စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် JICA ထံမှ ဂျပန်ယန်း ၈၇ ဘီလျံကျော် ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် JICA ထံမှ ဂျပန်ယန်း ၈၇ ဘီလျံကျော် ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 24 March 2018

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် (၂) အပိုင်း (၁) အတွက် JICA ထံမှ ဂျပန်ယန်း ၈၇ ဒသမ ၀၉၁ ဘီလျံချေးယူရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ ချေးငွေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန စိုက်ပျိုးရေး ဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် (၂) အပိုင်း (၁) အတွက် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံ ချေးယူခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ချေးငွေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အခြေအနေအား ဂျပန်နိုင်ငံဘက်နှင့် ပူးပေါင်းလေ့လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဖန်းဆိပ်ဆည် ရေသောက်စနစ်ဧရိယာ ဧက ငါးသိန်းခန့်အပေါ် အမှီသဟဲပြုနေပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသည့် အိမ်ထောင်စု ခုနစ်သောင်းခန့်၊ လူဦးရေ သုံးသိန်းခန့်အတွက် အကျိုးပြုရန် ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်း စတင်သည်နှင့် ခြောက်နှစ်အတွင်း အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၂၇၀ ခန့်) သည် အတိုးနှုန်း အနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပြန်လည်ပေးဆပ်ရမည့် ကာလသည် ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် စုစုပေါင်းနှစ် ၄၀ ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် စုစုပေါင်း အကြိမ် ၈၀ ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အရစ်ကျ တောင်းခံပေးချေ သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန်အတွက် စီမံကိန်းအဆင့် (၁) အတွက် ချေးငွေအပိုင်း (၁) ဂျပန်ယန်း ၂၀ ဘီလျံနှင့် ချေးငွေအပိုင်း (၂) ဂျပန်ယန်း ၂၅ ဘီလျံအတွက် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအဆင့် (၂) စုစုပေါင်း ကုန်ကျစရိတ် ဂျပန်ယန်း ၁၇၁ ဒသမ ၅၆၆ ဘီလျံ လျာထားသည့်အနက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂) အပိုင်း (၁) ၏ လုပ်ငန်းကုန်ကျစရိတ် ဂျပန်ယန်း  ၅၆ ဒသမ ၆၂၂ ဘီလျံကို ပထမအကြိမ် ချေးငွေအဖြစ် ရယူလိုခြင်းဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ချေးငွေအား မြို့ပြအင်ဂျင်နီယာ လုပ်ငန်းနှင့် အချက်ပြ ဆက်သွယ်ရေးလုပ်ငန်း၊ စက်ခေါင်းနှင့် တွဲများဝယ်ယူခြင်းလုပ်ငန်း၊ ရထားသွားလာမှု ထိန်းချုပ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်း စသည်တို့အတွက်  အသုံးပြုရန် လျာထားခြင်း ဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂) အပိုင်း (၁) သည် ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးဒေသကြီးတို့ရှိ တောင်ငူ-မန္တလေး ရထားလမ်းပိုင်း တစ်လျှောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များကို ၂၀၁၄ ခုနှစ် ရန်ကုန်-မန္တလေး ရထားလမ်း တစ်လျှောက် ၃၈၆ မိုင်ခန့်ရှိ မြို့နယ်၂၆ မြို့နယ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို စီမံကိန်းအဆင့် (၁) အဖြစ် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်ကိုလည်းကောင်း၊ စီမံကိန်းအဆင့် (၂) အဖြစ် တောင်ငူ-မန္တလေးလမ်းပိုင်း ၂၂ မိုင်ကိုလည်းကောင်း လျာထားသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း လျာထားချက် အနေဖြင့် လက်ရှိယိုယွင်းလျက်ရှိသည့် ရထားလမ်းအခြေခံ အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများအား မွမ်းမံခြင်း၊ ရထားခုတ်မောင်းမိုင်နှုန်း တစ်နာရီ ၆၄ ကီလိုမီတာ (၄၀ မိုင်) မှ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) သို့ တိုးမြှင့်ခြင်း၊ ရထားလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် အချိန်မှန်ကန်ရေး တိုးတက်လာစေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။