ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း ၄၅၀၀ ဝန်းကျင်ရှိလာပြီး အရေအတွက် တိုးလာသော်လည်း အခန်းခများ ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျဆင်းကာ ပျမ်းမျှခရီးသွားဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းသာရှိ

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း ၄၅၀၀ ဝန်းကျင်ရှိလာပြီး အရေအတွက် တိုးလာသော်လည်း အခန်းခများ ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျဆင်းကာ ပျမ်းမျှခရီးသွားဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းသာရှိ
Published 22 March 2018

ရန်ကုန်မြို့လယ်ရှိ Pan Pacific Hotel ဖွင့်လှစ်ထားသည့် Junction City အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း ၄၅၀၀ ဝန်းကျင်ရှိလာပြီး အရေအတွက် တိုးလာသော်လည်း အခန်းခများ ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟိုတယ်များတွင် တည်းခိုနေထိုင်သည့် ပျမ်းမျှခရီးသွားဝင်ရောက်မှုနှုန်းမှာ ၄၃ ရာခိုင်နှုန်းသာရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။

လက်ရှိရန်ကုန်မြို့၏ အဆင့်မြင့်ဟိုတယ်ဈေးကွက်တွင် ငွေသုံးများသောခရီးသွားဦးရေ ကျဆင်းလာသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာပြီး ခေတ်မီအသုံးအဆောင်များ ထည့်သွင်းထားသည့် အလယ်အလတ် ဟိုတယ်အခန်းများ ပိုမိုဈေးကွက်အားသာနေသည်။ ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြင့်ဟိုတယ်အခန်းများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်လာဦးမည်ဖြစ်ပြီး အခန်းပေါင်း ၁၄၀၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားသည်။ ဟိုတယ်သစ်များ ထပ်မံထွက်ရှိမှုနှင့်အတူ ပျမ်းမျှခရီးသည်ဝင်ရောက်မှုနှုန်းသည် ၄၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ပြီးခဲ့သည့် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း ဆက်လက်ကျဆင်းခဲ့သည်။ ထို့အတူ အခန်းငှားရမ်းခနှုန်းများလည်း ကျဆင်းလာပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက်သည် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း အခန်းပေါင်း ၃၄၀ ခန့်တိုးတက်ခဲ့ပြီး ရွှေတောင်အုပ်စု၏ အသစ်ဖွင့်လှစ်ခဲ့သည့် Pan Pacific Hotel ကြောင့်ဖြစ်ကာ ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ခုနစ်ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၆ ခု ဈေးကွက်ဝင်နိုင်မည်ဖြစ်ပြီး အခန်းပေါင်း ၃၃၀၀ ထွက်ရှိမည်ဟု မျှော်မှန်းထားကာ ၎င်းစီမံကိန်းများတွင် Pullman Hotel၊ Sheraton၊ Wyndham၊ Kempinski၊ Peninsula စသည့်ဟိုတယ်များ ပါဝင်သည်။

လက်ရှိခရီးသွားဝင်ရောက်မှု ကျဆင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်စဉ်ကာလအတွင်း ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့် အပြင်အဆင်များနှင့် သင့်တော်သည့်ဈေးနှုန်း၊ အဆင့်မြင့်အသုံးအဆောင်များနှင့် လျော်ညီသည့်ဈေးနှုန်းတို့ဖြင့် ခရီးသွားများကို ဆွဲဆောင်သွားရမည်ဖြစ်ပြီး အရေအတွက်တိုးတက်လာသည့် လူငယ်ခရီးသွားနှင့် တစ်ဦးချင်းခရီးသွားများကို ခေတ်ပေါ်ဝန်ဆောင်မှုများဖြင့် ပစ်မှတ်ထားရန် Colliers က အကြံပြုထားသည်။

လာမည့်ဟိုတယ်သစ်များအတွက် တည်ဆောက်မှုအရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် ဈေးနှုန်းကျဆင်းမှု ပိုများလာမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ ပျမ်းမျှဈေးနှုန်းသည် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၁၁၂ ဒေါ်လာအထိ ကျဆင်းနေပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပျမ်းမျှခရီးသွားဝင်ရောက်မှုနှုန်းလည်း ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းလျော့နည်းခဲ့သည်။ ဟိုတယ်များအနေဖြင့် စီးပွားရေးခရီးသွားများ၊ ခရီးသွားအေဂျင်စီဖြင့် လာရောက်သည့်ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်းခရီးသွားများကို အဓိကဦးတည်ပြီး ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆွဲဆောင်ရန် Colliers က ဈေးကွက်သုံးသပ်ထားသည်။