မွေးမြူရေးထွက်ကုန်များအပေါ် ထောက်ခံချက်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်နှုန်းထားများ တိုးမြှင့်သတ်မှတ်ကောက်ခံပါက ကြက်မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဆွေးနွေး

မွေးမြူရေးထွက်ကုန်များအပေါ် ထောက်ခံချက်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်နှုန်းထားများ တိုးမြှင့်သတ်မှတ်ကောက်ခံပါက ကြက်မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဆွေးနွေး
Published 21 March 2018

မွေးမြူရေးထွက်ကုန်များအပေါ် ထောက်ခံချက်ထုတ်ပေးရာတွင် ပေးဆောင်ရမည့်နှုန်းထားများနှင့် ပတ်သက်၍ ဆွေးနွေးနေစဉ်

မွေးမြူရေးလုပ်ငန်းထွက်ကုန်များအပေါ် ထောက်ခံချက်လက်မှတ်ထုတ်ပေးရာတွင် ကောက်ခံသည့်နှုန်းထားများကို လာမည့်ဧပြီ ၁ ရက်မှစတင်ကာ တိုးမြှင့်ပြောင်းလဲကောက်ခံရန် ထုတ်ပြန်ထားရာ ယင်းပြောင်းလဲသတ်မှတ်သော နှုန်းထားများအတိုင်း ကောက်ခံပါက အဓိက ကြက်မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ပြီး မွေးမြူရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထောက်ခံချက်ထုတ်ပေးရာတွင် ကောက်ခံမည့်နှုန်းထားအသစ်များမှာ ယခင်ကောက်ခံနေသည့် နှုန်းထားများထက် မြင့်တက်သွားသည့်အတွက် ဈေးနှုန်းပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်ကာ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်-မန္တလေးတိုင်းဒေသကြီးနှင့် ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းမှ မန္တလေးမြို့တွင် မတ် ၂၀ ရက်က ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

“မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ဖို့နဲ့ ထုတ်လုပ်တဲ့အဆင့်တွေ လျှော့ချနိုင်ဖို့ ကြိုးစားနေရဆဲအခြေအနေမှာ ရှိပါတယ်။ ဒီလိုမျိုး မလျှော့ချနိုင်ရင် အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်ရောက်နေတဲ့ တရားမဝင်ကြက်၊ ဘဲ၊ ငုံးနဲ့ ၎င်းတို့ရဲ့ထွက်ကုန်ပစ္စည်းတွေ ဝင်ရောက်လာပြီး မွေးမြုရေးလုပ်ငန်းတွေ အရှုံးပေါ် ပိုထိခိုက်ပျောက်ကွယ်သွားနိုင်ပါတယ်။ လက်ရှိမှာလည်း ကြက်မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ အစာဈေးမြင့်တက်မှုတွေကြောင့် အခက်အခဲဖြစ်ပေါ်နေတာတွေရှိတယ်။ ဒီလိုအချိန်မှာ ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးထုတ်ကုန်တွေကို တိုးမြှင့်ကောက်ခံမယ်။ အထပ်ထပ်အခါခါ ကောက်ခံခြင်းပြုမယ်၊ အဆင့်ဆင့်ဆောင်ရွက်ရမယ်ဆိုရင် မွေးမြူသူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပါ။ ဒါကြောင့် ဒီကုန်တွေအပေါ် ကောက်ခံတဲ့နှုန်းထားတွေကို နှစ်ဦးနှစ်ဖက် မျှခြေရှိတဲ့နှုန်းပဲသတ်မှတ်ပေးဖို့နဲ့ ကုန်စည်စီးဆင်းမှုကို မနှောင့်နှေးတဲ့နည်းစနစ်တွေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးရာတွင် ကြက်၊ ဘဲ သားပေါက်တစ်ကောင်လျှင် ငါးကျပ်နှုန်း၊ ကြက်၊ ဘဲ (မီးလွတ်/ ဈေးပို့) တစ်ကောင်လျှင် ၁၀ ကျပ်နှုန်း၊ ငုံးသားပေါက်တစ်ကောင်လျှင် တစ်ကျပ်နှုန်း၊ ငုံး (မီးလွတ်/ ဈေးပို့) တစ်ကောင်လျှင် နှစ်ကျပ်နှုန်း၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် တစ်ကျပ်နှုန်း၊ ငုံးဥတစ်လုံးလျှင် တစ်ကျပ်နှုန်းဖြင့် ဧပြီ ၁ ရက်မှစတင်ကာ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပေးသွင်းရမည်ဆိုပါက ကြက်မွေးမြူရေးလုပ်ငန်းများအနေဖြင့် နေ့စဉ်ထွက်ရှိသည့် ကြက်ဥများအပေါ် အခွန်ဆောင်သကဲ့သို့ ပေးရမည်ဖြစ်ကာ လိုအပ်ချက်အရ ပေးသွင်းရမည်ဆိုပါကလည်း သင့်တင့်သည့်နှုန်းထားများနှင့် ပေးသွင်းရမည့်ငွေကြေးအား သက်ဆိုင်ရာဘဏ်စာရင်းသို့ တိုက်ရိုက်ပေးသွင်းသည့်စနစ်ဖြင့်သာ ကောက်ခံပေးရန်လိုအပ်ကြောင်း၊ ယခုသတ်မှတ်ထားသည့် နှုန်းထားများကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။