ကမ္ဘာ့ရွှေဈေး၊ ရေနံနှင့်နိုင်ငံတကာ ငွေကြေးများကို အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ပေးသည့် ရုရှား FBS ရုံးချုပ်၏ ကုမ္ပဏီရုံးခွဲအမည်ခံကာ ဒေါ်လာသုံးသိန်းကျော်နှင့်ညီမျှသော ကျပ်ငွေများ တရားမဝင်လွှဲပြောင်းခဲ့သည့် FBS Myanmar ၏ ဒါရိုက်တာကို ပုဒ်မနှစ်ခုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အမှုဖွင့်

ကမ္ဘာ့ရွှေဈေး၊ ရေနံနှင့်နိုင်ငံတကာ ငွေကြေးများကို အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ပေးသည့် ရုရှား FBS ရုံးချုပ်၏ ကုမ္ပဏီရုံးခွဲအမည်ခံကာ ဒေါ်လာသုံးသိန်းကျော်နှင့်ညီမျှသော ကျပ်ငွေများ တရားမဝင်လွှဲပြောင်းခဲ့သည့် FBS Myanmar ၏ ဒါရိုက်တာကို ပုဒ်မနှစ်ခုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အမှုဖွင့်
Published 19 March 2018

ကမ္ဘာ့ရွှေဈေး၊ ရေနံနှင့်နိုင်ငံတကာ ငွေကြေးများကို အွန်လိုင်းမှ အရောင်းအဝယ် ပြုလုပ်ပေးသည့် ရုရှား FBS ရုံးချုပ်၏ ကုမ္ပဏီရုံးခွဲအမည်ခံကာ ဒေါ်လာသုံးသိန်းကျော်နှင့်ညီမျှသော ကျပ်ငွေများ တရားမဝင်လွှဲပြောင်းခဲ့သည့်  FBS Myanmar ၏ ဒါရိုက်တာဦးဇော်မျိုးဟန်ကို ပုဒ်မနှစ်ခုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့်ထားကြောင်း အလုံမြို့မရဲစခန်းမှ မတ် ၁၈ ရက်တွင် စုံစမ်းသိရသည်။

FBS Myanmar ၏ ဒါရိုက်တာ ဦးဇော်မျိုးဟန်ကို  ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေပုဒ်မ ၁၅၉ နှင့် ၁၆၃ ပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ရာရောက်ဟု ဆိုကာ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ  ၁၇၁ ၊ နိုင်ငံခြားငွေစီမံ ခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ ၊ (ပ)၉၄/ ၂၀၁၈ ဖြင့်  မတ် ၁၅ ရက်က အလုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

အလုံမြို့မရဲစခန်းမှ ညပိုင်းတာဝန်ကျရဲအရာရှိက “အမှုဖွင့်ထားတာက ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေတွေနဲ့ စစစက ဒီမှာအမှုဖွင့်ထားပါတယ်။ စစ်ဆေးတာက ကျွန်တော်တို့ဆီက မဟုတ်ပါဘူး။ စစစက စစ်ဆေးတာဖြစ်ပါတယ်။ တရားစွဲတာလည်း စစစက ဖြစ်ပါတယ်” ဟု မတ် ၁၈ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ အလုံမြို့နယ် ဆင်မင်းရပ်ကွက်တွင် ဖွင့်လှစ်ထားသော FBS Myanmar Incorporation ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မျိုးဟန်သည် အင်တာနက်အွန်လိုင်းရှိ  Meta Trader – 4 (MT – 4) တွင် အချိန်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့ရွှေ၊ ရေနံနှင့် နိုင်ငံတကာငွေကြေးအတွဲတို့၏ ဈေးနှုန်းများကို ခန့်မှန်း၍ အရောင်းအဝယ် ပြုလုပ်လျက်ရှိသော ရုရှားနိုင်ငံ FBS ရုံးချုပ်၏ ကုမ္ပဏီရုံးခွဲအဖြစ် အမည်ခံကာ ကော်မရှင်ခများ ရယူ၍  Trader အကောင့်များ ဖွင့်လှစ်ပေးပြီး အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို စ၍ လုပ်ကိုင်ပေးခဲ့ကြောင်း၊ ဝင်ရောက်ဈေးကစားလိုသူ  Trader များအနေဖြင့် ၎င်းတို့၏ မြန်မာကျပ်ငွေ စာရင်းအကောင့်မှတစ်ဆင့် ဦးဇော်မိုးဟန်၏ AYA Bank, KBZ Bank , CB Bank များရှိ ငွေစာရင်းအကောင့် ၂၅ ခုတို့သို့ ထည့်ဝင်လိုသော မြန်မာကျပ်ငွေများကို CB Bank ၏ နေ့စဉ်ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းပေါက်ဈေးအတိုင်း၊ ဝယ်ဈေး၊ ရောင်းဈေးသတ်မှတ်၍ ဝယ်ယူလိုသော အကောင့်အမျိုးအစားအလိုက် ငွေလွှဲပေးပို့ရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါ ဘဏ်ငွေစာရင်းအကောင့်များမှ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းနှင့် ရုရှားနိုင်ငံ  FBS (ရုံးချုပ်)သို့ CB Bank ၏ Master Card ၊ Visa Card ၊ Visa Pay တို့ဖြင့် ၎င်း၏ CB Bank Mobile Banking စနစ်ကို ကျင့်သုံး၍ ရရှိသည့် အကျိုးအမြတ်ငွေများနှင့်  Trader တို့၏ Deposit ထည့်ဝင်ငွေများကို မြန်မာကျပ်ငွေမှတစ်ဆင့် အမေရိကန်ဒေါ်လာများ လွှဲပြောင်းပေးပို့ဆောင်ရွက်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်သူများကြောင့် ဦးဇော်မျိုးဟန်က အကျိုးအမြတ် အမေရိကန်ဒေါ်လာ ခုနစ်သောင်းခွဲခန့်နှင့် မြန်မာကျပ်ငွေ ၁၀ သိန်းခန့်ရရှိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်မှ  ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်အထိ ကာလအတွင်း  Trader ၃၉၉ ဦး တို့အား Deposit ထည့်ဝင်ငွေ  အမေရိကန်ဒေါ်လာ ရှစ်သိန်းခွဲခန့်ကို လည်းကောင်း၊ Trader ၂၀၀ တို့မှ ထုတ်ယူငွေ အမေရိကန်ဒေါ်လာ ငါးသိန်းသုံးသောင်းခန့်ကိုလည်းကောင်း နေ့စဉ် CB Bank ၏ ပေါက်ဈေးအတိုင်း ကျပ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်ကာ ငွေသွင်း၊ ငွေထုတ်ပြုလုပ်ပေးခြင်း၊ ရုရှားနိုင်ငံ FBS ရုံးချုပ်သို့  Trader တို့၏ Deposit ငွေ အမေရိကန်ဒေါ်လာသုံးသိန်းခန့်နှင့် ညီမျှသော ကျပ်ငွေများကို တရားမဝင် လှဲလှယ်ပေးပို့ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည်  ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၉ နှင့် ၁၆၃ ပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ရာရောက်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်  ဦးဇော်မျိုးဟန်အား ဥပဒေအရ အရေးယူပေးရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တိုင်တန်းခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

FBS Myanmar ၏ တရားဝင် Facebook စာမျက်နှာသို့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မျိုးဟန် အမှုဖွင့်လှစ်ခံရမှုကို ဆက်သွယ်မေးမြန်းထားပြီး ဖြေကြားလာမှုများကို  ဆက်လက်ဖော်ပြသွားမည ်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် Bitcoin ဟုခေါ်ဆိုသည့် အွန်လိုင်းငွေကြေး ( Digital Currency ) များကို နိုင်ငံတကာဖြင့် ချိတ်ဆက် အရောင်းအဝယ်ပြုနိုင်သည့် ကုမ္ပဏီများ ဝန်ဆောင်မှုပေးနေပြီး အဆိုပါ အွန်လိုင်းငွေကြေးဈေးကွက် Bitcoin ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ခွင့်ပြုထားမှုမရှိသည့်အပြင် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေသဖြင့် MLM ကုမ္ပဏီများကဲ့သို့ပင် ဝေဖန်ခံနေရကြောင်း သိရှိရပြီး လက်ရှိတွင် FBS Myanmar ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စတင်အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရှိ ကုမ္ပဏီအချို့သည် ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းပြီး ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်သည့်စနစ် MLM ဖြင့် ရောင်းချရုံသာမက ငွေကြေးကို အစုရှယ်ယာအဖြစ် ထည့်ဝင်စေကာ ၎င်းတို့ထံ ငွေကြေးအပ်နှံထားရုံဖြင့် လစဉ်နှစ်စဉ် အတိုးများများ ရရှိနိုင်သည်ဟု မက်လုံးများပေးကာ လူစုဆောင်းသည့် Online Trading အမည်ခံ Money Game လုပ်ဆောင်လာကြကြောင်း၊ နောက်ပိုင်းတွင် အတိုးငွေမပေးနိုင်တော့သဖြင့် ယုံကြည်မှုပျက်စီးလာကာ အစုရှယ်ယာ ထည့်ဝင်သူများအတွက် ဆုံးရှုံးနစ်နာမှုများရှိလာခဲ့ကြောင်း၊ သို့ရာတွင် ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်သည့် MLM အားသုံးစွဲသည့် နိုင်ငံများတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းတားမြစ် ထိန်းချုပ်ထားသဖြင့် အောင်မြင်မှုအချို့ ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ MLM နှင့်ပတ်သက်၍ ဖော်ပြသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

Most Read

Most Recent