လမ်း၊ တံတားများပေါ်တွင် ဝန်ပိုတင်ဆောင်သည့် ယာဉ်များကို ဌာနဆိုင်ရာက အချိန်ပြည့်စောင့်ကြည့်ရန် မဖြစ်နိုင်သောကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးဝန်ကြီး ပြောကြား

လမ်း၊ တံတားများပေါ်တွင် ဝန်ပိုတင်ဆောင်သည့် ယာဉ်များကို ဌာနဆိုင်ရာက အချိန်ပြည့်စောင့်ကြည့်ရန် မဖြစ်နိုင်သောကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 19 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများပေါ်တွင် ဝန်ပိုတင်ဆောင်သည့်ယာဉ်များကို ဌာနဆိုင်ရာများက အချိန်ပြည့်စောင့်ကြည့်ရန် မဖြစ်နိုင်သောကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မတ် ၁၆ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး  ၁၄ ရက်မြောက်နေ့တွင် ပြောကြားသည်။

ပြည်သူ့ဘဏ္ဍာငွေဖြင့် ခင်းထားသော လမ်းတံတားများရေ ရှည်တည်တံ့၍အသုံးပြု နိုင်စေရန် မည်ကဲ့သို့ ထိန်းသိမ်းနိုင်ပါမည်နှင့် စည်းကမ်းဖောက်ဖျက်မှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ရှိ /မရှိ၊ (၁)လမ်းတံတားများ တည်ဆောက်ရာတွင် တူညီသောစံချိန်၊ စံညွှန်းသတ်မှတ်နိုင်ပါရန် အစီအစဉ် ရှိ/ မရှိ၊ (၂)လမ်းတံတားများ၏ အရည်အသွေးကို ပိုမိုကြပ်မတ်စစ်ဆေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ၊ (၃) ဝန်ပိုတင် ဆောင်၍သွားလာနေကြသည့် မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ၊ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားသည်။

“၁၀ တန်ပဲခံနိုင်တဲ့လမ်းတွေပေါ်မှာ တန်၂၀ ကားတွေသွားလာတဲ့အခါမှာတော့ လမ်းတွေပျက်စီးခြင်း၊ တံတားတွေပျက်စီးခြင်း ဖြစ်စေတဲ့အတွက် ဝန်ပိုတင်ဆောင်ရင်တော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း လမ်းတွေ၊ တံတားတွေပေါ်မှာ တန်ပိုတွေနဲ့သွားလာမှုကို ဌာနဆိုင်ရာတွေအနေနဲ့ အစဉ်အမြဲ စောင့်ကြည့်ရန် မဖြစ်နိုင်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်အသီးသီး၊ ဒေသအသီးသီးက ပြည်သူတွေနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပူးပေါင်းဆောင်ရွက်ပေးတဲ့အခါ ကျွန်မတို့က ဥပဒေနဲ့အရေးယူ ဆောင်ရွက်လျက်လည်း ရှိပါတယ်။ အရေးယူဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ လမ်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏လမ်း၊ ကျေးလက်လမ်းဦးစီးဌာန၏ လမ်း၊တိုင်းစည်ပင် လမ်း၊ မြို့တော်စည်ပင်လမ်း၊ မြို့ပြနှင့်အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်း၊ စက်မှုဇုန်များအတွင်းတွင် ဇုန်ကော်မတီများမှ ခင်းသည့်လမ်း အစရှိသဖြင့် အမျိုးမျိုး ကွဲပြားလျက်ရှိပါကြောင်း သိရသည်။

ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မပါဝင်ခဲ့ဘဲစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသည့်အတွက် လမ်း၏ရည်ရွယ်ချက် အမျိုးအစား သတ်မှတ်စံချိန်စံညွှန်း မတူကွဲပြားခဲ့ပါကြောင်း၊ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သဖြင့် ကျန်ရှိသည့် တိုင်းစည်ပင်လမ်း၊ မြို့တော်စည်ပင်လမ်း အစရှိသည့်လမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စံချိန်စံညွှန်းဖြင့် ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၊ တံတားဦးစီးဌာနတို့မှ ဒီဇိုင်းများကို စီစဉ်ဆောင်ရွက်ပေးပါကြောင်း၊ လမ်းတံတားများ ဆောက်လုပ်ရာတွင် အရည်အသွေးစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးပြီး လမ်းများ၏ခံနိုင်ဝန်ကို သတ်မှတ်ပြီးသတ်မှတ်ထားသည့် စံချိန်စံညွှန်းဖြင့် ဆောင်ရွက်ပါကြောင်း ဝန်ကြီးက ပြောကြားသည်။