မြန်မာနိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုတွင် ဒေသတွင်းနိုင်ငံများနှင့် မယှဉ်နိုင်ခြင်းသည် ကုန်စည်သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်းနှင့် ဆိပ်ကမ်းများ၌ အခက်အခဲရှိနေခြင်းက အဓိကစိန်ခေါ်မှုများဖြစ်

မြန်မာနိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုတွင် ဒေသတွင်းနိုင်ငံများနှင့် မယှဉ်နိုင်ခြင်းသည် ကုန်စည်သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်းနှင့် ဆိပ်ကမ်းများ၌ အခက်အခဲရှိနေခြင်းက အဓိကစိန်ခေါ်မှုများဖြစ်
Published 18 March 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာနိုင်ငံတွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့် တက်နေခြင်းနှင့် ဆိပ်ကမ်းများ၌ အခက်အခဲများရှိနေခြင်းက နိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုတွင် ဒေသတွင်းနိုင်ငံများနှင့် မယှဉ်နိုင်ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ ဆန်၊ ဆန်ကွဲနှင့် အခြားသောကုန်စည်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ရာတွင် ဆိပ်ကမ်းများ၌ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံ၏ အဓိကတင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအားစုကုန်ကျစရိတ် မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်ရရှိရန် လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ (Value Added ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း စသည့်အချက်များမှာ လက်ရှိ လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချရာ၌ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာဘီလျံ ၃၀ ကျော်အထိ ရရှိမည်ဟု မျှော်မှန်းထားကြောင်းနှင့် သမိုင်းတစ်လျှောက် အမြင့်ဆုံး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည့် ယခင်နှစ်ထက်ပင် ပိုမိုမြင့်မားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကုန်ကျစရိတ်မှာ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် မြင့်မားနေသောကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများစွာ ဝယ်ယူသူများသည် ယင်းနိုင်ငံများမှ ဆန်ဝယ်ယူ၍မရမှသာ မြန်မာနိုင်ငံမှ ဆန်ကို ဝယ်ယူခြင်းအပြင် ဆန်တစ်တန် အမေရိကန် ဒေါ်လာ ၃၀ ခန့်အထိ ဈေးနှုန်းလျော့၍ ရရှိမှသာ ဝယ်ယူနေခြင်းဖြစ်ကြောင်း မတ် ၆ ရက်က ပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈ အခမ်းအနားမှ သိရသည်။

တန်ချိန်နှစ်သောင်းဝင် သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်မှာ ပြည်ပသို့ ဆန်အဓိကတင်ပို့နေသည့် နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၅၀၀၊ ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၆၀၀၀၊ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ ၇၅၀၀ နှင့် ပါကစ္စတန်နိုင်ငံတွင် ဒေါ်လာ ၁၁၀၀၀ အသီးသီး ကုန်ကျကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တင်ပြသည့် စာတမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာဆိပ်ကမ်းဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန်ချိန်နှစ်သောင်းဝင် သင်္ဘောများ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်သည် ဒေါ်လာ ၁၄၅၀၀ အထိ ကုန်ကျသည့်အတွက် ယင်းပမာဏသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ထက် ထက်ဝက်ကျော် ပိုများနေသည့် ကုန်ကျစရိတ်ဖြစ်နေကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများစွာ ဝယ်ယူသူများသည် အခြားနိုင်ငံများက ဝယ်၍မရမှသာ မြန်မာနိုင်ငံမှ ဝယ်ယူရန် နောက်ဆုံးမှစဉ်းစားကြောင်း၊ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဝယ်ယူရန် အဆင်မပြေမှသာ မြန်မာနိုင်ငံမှ ဝယ်ယူရန် စဉ်းစားခြင်း (သို့မဟုတ်) ဈေးလျှော့ဝယ်ယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နီလာ