မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီများ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူ စုစုပေါင်း ငါးသိန်းသုံးသောင်းကျော်သာရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြောကြား

မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီများ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူ စုစုပေါင်း ငါးသိန်းသုံးသောင်းကျော်သာရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြောကြား
Published 16 March 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကော်မရှင်နာနှင့်အဖွဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် သုညမျဉ်းတွင် တရားမဝင်နေထိုင်နေသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံစဉ်

မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီများ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာသူ စုစုပေါင်း ငါးသိန်းသုံးသောင်းကျော်သာရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောကြားသည်။

မောင်တောခရိုင်အတွင်း မူလနေထိုင်သူဦးရေ တစ်ဆယ်သိန်းငါးထောင်ကျော်ရှိခဲ့ပြီး လက်ရှိတွင် လေးသိန်းခုနစ်သောင်းနီးပါး နေထိုင်ဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ နှင့် တပ်ရင်းတစ်ခုကို ARSA အစွန်းရောက်ဘင်္ဂါလီများ တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံဌာနေ တိုင်းရင်းသားကျေးရွာအားလုံးမှ ကျေးရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြကြောင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်းမှသာ ဘင်္ဂါလီများ အုပ်စုလိုက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “မောင်တောဖြစ်စဉ် ဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ကနေပြီးတော့ ယနေ့အချိန်အထိ မောင်တောခရိုင်အတွင်းမှာ မူလလူဦးရေကတော့ ၁၀၀၅၄၂၉ ဦး ရှိပါတယ်။ လက်ရှိနေထိုင်လျက်ရှိတာက ၄၆၉၆၆၅ ဦး နေထိုင်လျက် ရှိပါတယ်။ နေရပ်စွန့်ခွာသွားတာ ၅၃၅၇၆၄ ဦး ရှိပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသည်။

ထို့ပြင် ပြန်လည်လက်ခံရေးကို ဇန်နဝါရီ ၂၃ ရက်ကတည်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က “ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီး ပြည်ထဲရေးကို ဖေဖော်ဝါရီလထဲမှာ လူဦးရေ ၈၀၀၀ ကျော်စာရင်းကို ပေးလိုက်တယ်။ ကျွန်တော်တို့ပေးတဲ့ပုံစံနဲ့ ပြန်ပေးတာ မဟုတ်ပါဘူး။ သူတို့ပြုလုပ်ထားတဲ့ ပုံစံတစ်ခုနဲ့ပေးလိုက်ပါတယ်။ အဲဒီထဲမှာ အိမ်ထောင်စု ၁၆၇၃ စုပါဝင်ပါတယ်။ လူဦးရေက ၈၀၃၂ ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်ပြီးစိစစ်တဲ့အခါ မနေ့ကအထိ အိမ်ထောင်စု ၉၃ ခု စိစစ်ပြီး ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၄၅၆ ဦး စိစစ်ပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုထဲမှာ ပါဝင်နေတာ သုံးဦးတွေ့ရှိရပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်တွေအရ ဒီကနေပုံစံတွေကို ပို့ထားခဲ့ပါတယ်။ အဲဒီပုံစံတွေကို ဖြည့်ပေးဖို့ ပြောထားပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသည်။

ထို့ပြင် ဘင်္ဂါလီများအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ သံသယဖြင့်သော်လည်းကောင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ခြင်း၊ ARSA  ခြိမ်းခြောက်မှုနှင့် တတိယနိုင်ငံတစ်ခုတွင် အခြေချခွင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် စားဝတ်နေရေး ပိုမိုပြေလည်မည်ဆိုသည့် မျှော်လင့်ခြင်းကြောင့် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆိုသည်။

“လူအစုလိုက်အပြုံလိုက် ထွက်ပြေးသွားရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကို ကျွန်တော်တင်ပြလိုပါတယ်။ ပြဿနာဖြစ်ခဲ့တဲ့နေရာက ခိုင်လုံစိတ်ချရတဲ့ လူတွေဆီကရရှိခဲ့တဲ့ သတင်းတွေအရ သူတို့အများစုဟာ စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း တပ်မတော်ကရှင်းလင်းမှုတွေ ဆောင်ရွက်တဲ့အခါ သူတို့ရဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ သံသယဖြင့်သော်လည်းကောင်း ဖမ်းဆီးခံရမှာကို စိုးရိမ်လို့ထွက်ပြေးသွားကြတာပါ။ ဒုတိယအကြောင်းကတော့ ARSA နဲ့ သူ့ရဲ့ထောက်ခံသူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်ပါတယ်။ သူတို့အများအပြားဟာ ထွက်ပြေးဖို့အတွက် ခြိမ်းခြောက်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ တတိယအကြောင်း ကတော့ ၎င်းတို့အနက် အများအပြားဟာ တတိယနိုင်ငံတစ်ခုမှာ အခြေချခွင့်ရမယ်။ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ စားဝတ်နေရေး ပိုမိုပြေလည်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထွက်ပြေးဖို့ စည်းရုံးခံခဲ့ကြရတယ်လို့ သိရပါတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရှင်းလင်းသည်။

မတ်လအတွင်း နေရပ်စွန့်ခွာဘင်္ဂါလီများ မောင်တောတောင်ပိုင်းကမ်းခြေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်မှလာခေါ်သည့် စက်လှေများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက်ခွာနေဆဲ ဖြစ်သည်။

ARSA အစွန်းရောက်ဘင်္ဂါလီများ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာဘင်္ဂါလီ  ခုနစ်သိန်းခန့်ရှိနေသည်ဟု နိုင်ငံတကာ မီဒီယာများက ရေးသားဖော်ပြမှုသည် ယခုပြောကြားမှုနှင့် လွန်စွာကွာဟနေကြောင်း  သုံးသပ်မှုများရှိနေသည်။