သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း
Published 16 March 2018

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မတ် ၁၅ ရက်က ပြုလုပ်စဉ်

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေး စီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက တင်သွင်းခဲ့ခြင်းဖြစ်သည်။

“တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိစေမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ သက်ရောက်စေမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကိုလည်း ကျွဲကူးရေပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်ကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေ ရရှိလာမှာ ဖြစ်ပါတယ်” ဟု ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောကြားသည်။

ပြည်သူလူထုသည် မိမိတို့နိုင်ငံမှာရှိသည့် ဥပဒေများသည် တရားမျှတမှု ရှိပါသလား၊ တရားမျှတသည့် ဥပဒေများကလည်း စိုးမိုးမှုရှိသလားဆိုသည့် ကိစ္စကို ပြည်သူများသည် အမြဲတမ်း သတိထားတုံ့ပြန်နေကြောင်း တရားမျှတပြီး ဘက်လိုက်သည့် တရားစီရင်ရေးစနစ်အား ယုံကြည်မှုရှိလာမည်ဆိုပါက တရားမဲ့များ၊ မှုခင်းပြဿနာများမှာလည်း လူတစ်ဦးတစ်ယောက်စီက ဥပဒေနှင့်မညီသည့် ပြင်ပနည်းဖြင့် တရားရုံးများတွင် ဖြေရှင်းအားကိုးကြမည်ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ပြောကြားသည်။

“ဒီမိုကရေစနစ်နဲ့ တရားရုံးတွေဟာ အားကောင်းခိုင်မာနေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ကာလတစ်လျှောက်မှာတော့ ဒီကဏ္ဍဟာ ဆောင်ရွက်နေတဲ့သူတွေရဲ့ ပြည်သူတွေက ယုံကြည်အားကိုးမှုတွေ လျော့ကျလာတာဟာ လက်မခံလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုတွေ ရှိပါတယ်။ ဥပဒေကို ကိုယ်လိုရာဆွဲပြီးတော့ ကိုယ်ကျိုးရှာမှုတွေ ရှိပါတယ်။ တရားမျှတမှုကို ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်ပေးရမယ်ဆိုရင်မူသဘောတော့ ရှိပါတယ်။ နောက်တစ်ခါ လုပ်ငန်းကျွမ်းကျင် နည်းပါးတာတွေ ရှိပါတယ်။ ဒါတွေကြောင့် ဒီကဏ္ဍကို ပြည်သူတွေဟာ ယုံကြည်မှု ကျဆင်းနေတာ ဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ဆက်လက်ပြောကြားသည်။

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများပူး ပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆိုကို ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုအား တနင်္လာနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။